CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၈

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲ ဖြစ်ပွားနေမှုမှတဆင့် စစ်ရေးပိုမိုကျယ်ပြန့် လာနိုင်သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

ပြီးခဲ့သည့် ဩဂုတ် ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်ဘက်မှ စစ်သင်္ဘောများသည် မန္တလေးမြို့မှ တက်လာခဲ့ ပြီးနောက် KIA သိမ်းပိုက်ထားသည့် တပ်စခန်းအချို့ကို ထိုးစစ်ဆင်နေခဲ့ရာမှာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေ ကြောင်း သိရသည်။

ထို့ပြင် ဩဂုတ် ၄ ရက်နေ့ကလည်း စကခ ၂၁ အနီး ပတ်ဝန်းကျင်ရှိ မင်းလှရပ်ကွက်နှင့် KIA သိမ်းပိုက်ထားသည့် အမတ ၃၆၆ တို့ကို မြန်မာ့တပ်မတော်မှ ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ မြေပြင်တိုက်ပွဲ အခြေအနေများအရ ဗန်းမော်မြို့ တစ်ခုတည်းမဟုတ်ဘဲ ၎င်းအနီးပတ်ဝန်းကျင်ရှိ မြို့များ တွင်ပါ မြန်မာ့တပ်မတော်ဘက်မှ နယ်မြေချဲ့ထွင်နိုင်ဖွယ်ရှိကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီ(TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

 ဗန်းမော်မြို့စစ်ပွဲကြောင့် ပျက်စီးမှုကိုတွေ့ရစဉ်

၎င်းက “ကျယ်ပြန့်လာမယ် အဲဒီကိစ္စကတော့လေ။ ဗန်းမော်မြို့တင်မကဘဲနဲ့ သူ့ရဲ့ပတ်ဝန်းကျင်တွေပါ တပ်မတော် ဘက်က နယ်မြေချဲ့မယ့် သဘောလေးတွေ တွေ့ရတာပေါ့ ဗန်းမော် ပြီးသွားရင်ပေါ့။ ဗန်းမော်ဒေသ စစ်ရေး အခြေအနေကတော့ အစိုးရဘက်က တပ်မတော်ဘက်က အားသာလာတယ်လို့ ပြောရမှာပေါ့။ လွန်ခဲ့တဲ့ နေ့တွေ ကဆိုရင်လည်း တက္ကသိုလ်ကျောင်းနား ပတ်ဝန်းကျင်၊ မင်းလှရပ်ကွက်ဆိုတာက စကခ ၂၁၊ နောက် မင်းကျောင်း ကုန်းဆိုတာကလည်း ထောင်နားပတ်ဝန်းကျင်ပေါ့။ အားလုံးကို သူတို့လိုက်လံ ရှင်းလင်းနေတယ်။ အသေးစိတ် ရှင်းလင်းနေတာ တွေ့ရတဲ့အတွက်ကြောင့်မို့လို့ တပ်မတော်ဘက်က အားသာတယ်လို့တော့ ပြောလို့ရတာပေါ့” ဟု  ပြောသည်။

ဗန်းမော်မြို့သည် KIA ဌာနချုပ်ရှိရာ လိုင်ဇာနှင့် အနီးဆုံးမြို့တစ်မြို့ ဖြစ်သည့်အပြင် မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အခြေစိုက်ထားသည့် မြို့ဖြစ်သည်။

ထို့ပြင် ဧရာဝတီမြစ်ကမ်းဘေး၌ တည်ရှိသဖြင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသမှ သင်္ဘောများနှင့် ပြည်တွင်း ကုန်သွယ်ရေးများလည်း လုပ်ဆောင်နိုင်သည့် ဆိပ်ကမ်းမြို့ ဖြစ်သကဲ့သို့ တရုတ်နယ်စပ်နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ မူဆယ်တို့မှတဆင့် တရုတ်နိုင်ငံသို့ ဆက်သွယ်နိုင်သည်။

လက်ရှိတွင် မြန်မာ့တပ်မတော်၏ အင်တိုက်အားတိုက် ထိုးစစ်ဆင်နေမှုများကြောင့် KIA အတွက်လည်း ဗန်းမော်ကို ပြန်လည်ထိုးစစ်ဆင်နေရသည်မှာ မလွယ်ကူသော အခြေအနေမှာ ရှိနေကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

လနှင့်ချီ ကြာမြင့်နေပြီဖြစ်သည့် ဗန်းမော်မြို့ စစ်ရေး အခြေအနေကြောင့် KIA အနေဖြင့် ဗန်းမော်မြို့ကို မြန်မာ့တပ်မတော်ထံ ပေးလိုက်နိုင်ဖွယ်ရှိကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

ဗန်းမော်မြို့ရဲ့ အချက်အချာ ကျမှုကိုတွေ့ရစဉ်

၎င်းက “ကြည့်ရတာ KIA က ဗန်းမော်ကို ပြန်ပေးရင်လည်း ပေးလိုက်လိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆို ဗန်းမော်က တစ်မြို့လုံးလည်း ဖွတ်ဖွတ်ညက်ညက်ကို ကြေနေပြီ။ သူတို့ လက်နက်ကြီးတွေနဲ့ပစ်၊ လေယာဉ်ပျံ ကြီးနဲ့လာချ။ အဲဒီတော့ စစ်တပ်ကလည်း ဗန်းမော်မြို့ကို ပြန်ရတယ်ဆိုတဲ့ ဝါဒဖြန့်ချိရေး ယန္တရားလိုဟာမျိုး လိုချင်တယ်ထင်တယ်။ KIA ကလည်း ပြန်ဆုတ်ပေးကောင်းလည်း ပေးလိမ့်မယ်လို့ ထင်တယ်” ဟု ပြောသည်။

KIA အနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြန်မာ့တပ်မတော်၏ စစ်စခန်းများကို ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ပြီး ဆော့လော၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ဒေါ့ဖုန်းယန်၊ လွယ်ဂျယ်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်၊ မံစီနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်းတို့ကို ရရှိထားသည်။

လက်ရှိတွင် ကချင်၊ ကယား၊ စစ်ကိုင်း၊ ရခိုင်၊ ရှမ်းပြည်နယ်တို့အပြင် အခြားဒေသများမှ မြို့နယ် စုစုပေါင်း ၆၃ မြို့နယ်အား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အရေးပေါ်အခြေအနေ ကြေညာကာ စစ်အုပ်ချုပ်ရေး စတင်ထားသည်။

ထိုမြို့နယ်များသည် TNLA၊ AA၊ KNU၊ KIA၊ CNF၊ PDF များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွား နေသော မြို့နယ်များဖြစ်သည်။

လက်ရှိတွင် မြန်မာ့တပ်မတော်သည် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ ကျောက်မဲ၊ သီပေါကို ထိုးစစ်ဆင် တိုက်ခိုက်နေသလို KIA နှင့်လည်း ဗန်းမော်မြို့တွင် အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိသည်။

အလားတူ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲ၌ AA နှင့် တိုက်ပွဲဖြစ်ပွားနေသည်မှာ အချိန်ကာလ ကြာမြင့်နေပြီဖြစ်သည်။