CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈

ဆုံးရှုံးနယ်မြေများထဲမှ အဓိကကျသည့် နယ်မြေအချို့ကို ထိုးစစ်ဆင်လာနေသည့် မြန်မာ့တပ်မတော် အနေဖြင့် မည်သည့် ဒေသများကို ဦးစားပေးကာ ပြန်လည်ထိန်းချုပ်နိုင်ရေး လုပ်ဆောင်လာနိုင်သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား လေ့လာသုံးသပ်နေကြသည်။

မည်သည့် နယ်မြေဒေသ၌ ပြန်လည်ထိန်းချုပ်နိုင်ရေးကို မည်သည့်ပုံစံဖြင့် လုပ်ဆောင်သွားမည်မှာ မြန်မာ့ တပ်မတော် လူကြီးပိုင်းဆိုင်ရာ သုံးသပ်စဉ်းစားသူများတွင် အစီအစဉ်ရှိမည်ဖြစ်ကြောင်း၊ လက်ရှိသွားနေသည့် လမ်းကြောင်းအရ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ဦးစားပေး လုပ်ဆောင်လာနိုင်ကြောင်း သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

နောင်ချိုမြို့ကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်စဉ်

၎င်းက “သေချာတာကတော့ အနည်းဆုံး အခုသွားနေတဲ့ လမ်းကြောင်းအရဆိုရင် နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ဖွင့်ဖို့ဆိုရင် ပြင်ဦးလွင်၊ လားရှိုးပြီးတော့ အဲဒီလမ်းကြောင်းတစ်လျှောက်ပေါ့။ အဲဒီလမ်းကြောင်းမှာတော့ လမ်းကြောင်းပြန်ဖွင့်ဖို့နဲ့ နောက်ပိုင်း တချို့သော အရေးကြီးနယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အဲဒါ ကတော့ ဆက်လုပ်မယ့် အစီအစဉ်ထဲမှာ ပါပါလိမ့်မယ်။ တရုတ်ရဲ့ကြားဝင်မှုဆိုတာ ဒီလိုပဲလေ။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းလည်း ရှည်ရှည်လျားလျား ချိတ်ဆက်တယ်။ နောက်ပြီးတော့ ကုန်သွယ်ရေး ပြန်ဖွင့်ဖို့အတွက်ကြ တော့ တည်ငြိမ်အေးချမ်းမှုက မဖြစ်မနေ လုပ်ရမှာကို။ အဲဒီတော့ စေ့စပ်ညှိနှိုင်းရေးမှာ တရုတ်အနေနဲ့ မဖြစ်မနေ ဝင်ရောက် ဆောင်ရွက်ပေးတာတွေ ရှိတာပေါ့။ ထိုင်းဘက်နဲ့လည်း အရင်တုန်းကလည်း ဒီလိုပါပဲ။ ထိုင်းနဲ့ ကုန်သွယ်ရေး သေချာပြန်လုပ်ချင်တယ်။ ပူးပေါင်းဆောင်ရွက်မှု ကောင်းနေမယ်ဆိုရင်တော့ ထိုင်းဘက်နဲ့ ပူးပေါင်း ဆောင်ရွက်မှုက ဟိုတုန်းကလည်း ရှိကြတာပဲ။ ဘယ်သူနဲ့ ဘယ်လိုပဲ ပူးပေါင်းဆောင်ရွက်သည်ဖြစ်ပါစေ ကိုယ့် နိုင်ငံအတွင်းက တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံရေးကို မြန်မာ့တပ်မတော်အပြင် အာမခံချက် ပေးရမှာကို။ ဘယ်နေရာကို စပြီးတော့ တည်ငြိမ်မှုရအောင် လုပ်မလဲဆိုတဲ့ အပိုင်းပေါ့။ ဘယ်နေရာကတော့ ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေးဆိုတာ။ ဒါတွေကတော့ မဟာဗျူဟာချမှတ်တဲ့ နယ်မြေတွေမှာပဲ အဓိကပြု ပါလိမ့်မယ်”ဟု ပြောသည်။

တရုတ်အစိုးရဘက်မှလည်း နယ်စပ်တည်ငြိမ်အေးချမ်းကာ ကုန်သွယ်ရေး လမ်းကြောင်းများကို အမြန်ဆုံး ပြန်လည် ဖွင့်လှစ်စေချင်သဖြင့် မြောက်ပိုင်းအဖွဲ့နှင့် နစကတို့အကြား တွေ့ဆုံဆွေးနွေးမှုများကို ဖော်‌ဆောင်ပေး လျက်ရှိသည်။

ကိုးကန့်တပ်(MNDAA)နှင့် ညှိနှိုင်းမှု အဆင်ပြေသော်လည်း တအာင်းတပ်(TNLA)နှင့် ဆွေးနွေးကြရာမှာ နယ်မြေ တောင်းဆိုမှုများကြောင့် အဆင်မပြေ ဖြစ်နေကြ၍ လာမည့် ဩဂုတ်လတွင် ထပ်မံတွေ့ဆုံကြရန် ရှိသည်။

 TNLA တပ်ဖွဲ့ကို တွေ့ရစဉ် 

လက်ရှိတွင် မြန်မာ့တပ်မတော်က တအာင်းဒေသနှင့် ဗန်းမော်ဘက်ကို အဓိက ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း၊  ထိုဒေသများ၌ ပိုမိုပြင်းထန်လာနိုင်ကြောင်း ‌တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ‌ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု သူလုပ်နေတာ တအာင်းဒေသတို့နော်၊ မြောက်ပိုင်း ဗန်းမော်တို့ ဘာတို့မှာလည်း သူလုပ်နေတာပဲ။ တောင်ပိုင်းမှာတော့ သူတို့သိပ်တိုးလို့ မရဘူးထင်တယ်။ ဆိုတော့ အဲဒီနေရာတွေမှာတော့ ပိုပြီးတော့ ပြင်းထန် လာနိုင်ပါတယ်။ တောင်ပိုင်းနဲ့တင် မဟုတ်ဘူး။ အခု တအာင်းတို့ ဘာတို့ဘက်မှာလည်း ရေရှည်ကတော့ သူတို့ ဆက်ပြီးတော့ တောင့်ခံနိုင်ချင်မှ တောင့်ခံနိုင်မယ်။ သူတို့ဆိုတာ စစ်ကောင်စီပေါ့။ လောလောဆယ် သူတို့ ဖိတိုက် နေပေမယ့် သူတို့မှာ အားသာတာက လေကြောင်းအားသာတယ်၊ နောက် လက်နက်အင်အားသာတာပေါ့” ဟု ပြောသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းတပ်(TNLA) သိမ်းပိုက်ထားသည့်‌ နောင်ချိုမြို့အား မြန်မာ့တပ်မတော်က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်၌ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ကယားပြည်နယ်၊မိုးဗြဲမြို့ကိုလည်း KNPP၊ KNDF နှင့် PDF များထံမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း မြန်မာ့တပ်မတော်မှ ထုတ်ပြန်ခဲ့ သည်။

ဗန်းမော်မြို့ကို စစ်ကူသွားနေတဲ့ စစ်ရေယာဉ်ကို တွေ့ရစဉ် 

ဇူလိုင် ၁၆ ရက်နေ့က ပြန်လည်ထိန်းချုပ်သွားနိုင်သည့် နောင်ချိုမြို့ကိုလည်း စစ်ကူစစ်ကြောင်းများစွာပို့ခဲ့ပြီး လေကြောင်းပစ်ကူခြင်းအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဝေဟင်နှင့်မြေပြင် ပေါင်းစပ်ကာ တိုက်ခိုက်ရယူခဲ့ ခြင်းဖြစ်ကြောင်း မြန်မာ့တပ်မတော်မှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်ရာ၌ မြေပြင်စစ်အင်အားထက် လေကြောင်းနှင့်ဒရုန်းကို အများအပြား အသုံးပြု၍ တိုက်ခိုက်လာခြင်းဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြ သည်။

ထို့နောက် ဗန်းမော်မြို့၌လည်း မြန်မာ့တပ်မတော် အနေဖြင့် KIA လက်ထဲသို့ မဆုံးရှုံးစေရေး ခုခံစစ်ဖြင့် တိုက်ခိုက် နေခြင်းဖြစ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နောင်ချိုမြို့ကို သိမ်းပိုက်ရရှိသွားသဖြင့် ကျောက်မဲ၊ သီပေါ၊ ကွက် ခိုင် တို့ကို တဖြေးဖြေးချင်း ထိုးစစ်လာနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြလျက်ရှိသည်။

တခြားတစ်ဖက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်များ(EAOs)နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များ (PDFs) သည် ယခင်က မြို့သိမ်းတိုက်ပွဲများကို ရက်ပိုင်းအတွင်း ဖော်ဆောင်နိုင်ကြသော်လည်း နောက်ပိုင်းတွင် လနှင့်ချီ လာသည့်တိုင် မသိမ်းနိုင်ဘဲ ဖြစ်လာကြောင်း၊ ထို့နောက် မြို့သိမ်းတိုက်ပွဲများသည် နှစ်နှင့်ချီ၍ ကြာလာနိုင်သည့် အခြေအနေထိ တိုက်ခိုက်ရေး စွမ်းရည်များ ကျဆင်းလာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။