CNI International News

တိုင်ပေ၊ ဇူလိုင် ၁၈

ထိုင်ဝမ်သည် ဇူလိုင် ၁၇ ရက်က တိုင်ပေ (Taipei) မြို့တော်တွင် အရပ်သားများ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှု များကို ပြုလုပ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့နောက် လေကြောင်း အချက်ပေးသံများ ထုတ်လွှင့်ခဲ့ကာ လမ်းများပေါ်မှ လူများကို အကာအကွယ်ယူရန် ညွှန်ကြားချက်များဖြင့် စစ်ရေးလေ့ကျင့်ခဲ့သည်။

နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်၏ ဒုံးကျည်တိုက်ခိုက်မှုများ ဖြစ်ပွားလာပါက မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက် ရမည်ဆိုခြင်းကို အရပ်သားများ သိရှိစေရန် ထိုကဲ့သို့ သရုပ်ဖော် လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်တွင် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ၌ လေကြောင်းအန္တရာယ် အချက်ပေးသံများ ပေါ်ထွက်ခဲ့ပြီး ရဲတပ်ဖွဲ့က လမ်းများပေါ်မှ မော်တော်ယာဉ်များကို ရပ်တန့်ခိုင်းကာ လမ်းပေါ်ရှိ လူများကို မြေအောက် ရထား ဘူတာရုံများ၊ မြေအောက်ခန်းများထဲသို့ ဝင်ရောက် အကာအကွယ်ယူကြရန် ညွှန်ကြားခဲ့သည်။

အရပ်သားများနဲ့ပူးပေါင်းပြီး ထိုင်ဝမ် စစ်ရေးလေ့ကျင့်နေစဉ်

ကာကွယ်ရေးဝန်ကြီးဌာနကလည်း အရပ်သားများကို ဖုန်းမှတဆင့် ညွှန်ကြားချက် မက်ဆေ့ချ်များ ပေးပို့ခဲ့ပြီး ထိုစစ်ရေးလေ့ကျင့်မှုကို မိနစ် ၃၀ ကြာ ပြုလုပ်ခဲ့သည်။

ထိုမက်ဆေ့ချ်များတွင် "လေကြောင်းကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု၊ ဒုံးကျည်တိုက်ခိုက်မှု၊ ချက်ချင်း အကာအကွယ်ယူကြပါ" ဟု တရုတ်ဘာသာစကားနှင့်ရော အင်္ဂလိပ်ဘာသာစကားနဲ့ပါ ရေးသားထားသည်။

ယခုလကတည်းက ထိုင်ဝမ်အာဏာပိုင်များသည် လေကြောင်း တိုက်ခိုက်မှု အချက်ပေးသံများ ကြားရပါက မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက် ရမည်ဆိုခြင်းကို ညွှန်ကြားချက်များ ထုတ်ပြန်ပေးခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ ပိုက်နက်တစ်ခုအဖြစ် ကြေညာထားပြီး ပြီးခဲ့သည့် ၅ နှစ်အတွင်း ထိုင်ဝမ်အပေါ် စစ်ရေးဖိအားများ တိုးမြှင့်ခဲ့သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်း အနီးဝန်းကျင်တွင် တရုတ်တိုက်လေယာဉ်များ အပါအဝင် စစ်လေယာဉ် ၅၈ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်‌တေး (Lai Ching-te) ကမူ တရုတ်၏ နယ်နိမိတ် ပိုင်ဆိုင်ကြောင်း ကြေညာချက်ကို ငြင်းဆိုထားပြီး ထိုင်ဝမ်ကျွန်း အနာဂတ်ကို ထိုင်ဝမ်ဒေသခံများကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။

Source: ရိုက်တာ