CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၈
ထိုင်းနိုင်ငံတွင် အိမ်ထောင်စုကြွေးမြီများ အလွန်မြင့်တက်နေပြီး ဘဏ်များမှလည်း ချေးငွေများ ရယူရန် ခက်ခဲလာ သဖြင့် အိမ်ခြံမြေကဏ္ဍသည် ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံ၏ အိမ်ထောင်စုကြွေးမြီ ပမာဏသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ် ကာလတွင် ဂျီဒီပီ၏ ၉၀ ရာခိုင်နှုန်း အထိ ရောက်ရှိခဲ့ပြီး ပမာဏအားဖြင့် ဘတ် ၁၆ ဒသမ ၂ ထရီလျံ ရှိခဲ့သည်။
ထိုပမာဏအနက် အိမ်များ ဝယ်ယူရန်အတွက် ချေးယူသည့် ကြွေးမြီပမာဏသည် ၃၇ ဒသမ ၉ ရာခိုင်နှုန်း၊ ငွေကြေးတန်ဖိုးအားဖြင့် ဘတ် ၆ ထရီလျံ ရှိခဲ့သည်။
အိမ်ထောင်စု ကြွေးမြီများအနက် အရင်းနှင့်အတိုး ပေးဆပ်ရန် ပျက်ကွက်သော ချေးငွေ (Non-Performing Loans) ပမာဏသည် ဘတ် ၂၀၀ ဘီလျံ ရှိခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထိုအခြေအနေများကြောင့် ထိုင်း၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသည် အားရစရာ မကောင်းဘဲ ဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းချက်သည် ၂၀၂၄ ခုနှစ်က ၂ ရာခိုင်နှုန်း ခန့်မှန်းခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
ထိုင်းနိုင်ငံက မြို့ပြကို တွေ့ရစဉ်
ထိုကဲ့သို့ လေးလံနှေးကွေးနေသည့် စီးပွားရေး အခြေအနေကြောင့် ဘဏ္ဍာရေး အင်စတီကျူးရှင်းများသည် ချေးငွေ ထုတ်ပေးမှုနှင့်ပတ်သက်ပြီး မူဝါဒများကို သတိထား ဆောင်ရွက်ရမည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
အိမ်ခြံမြေနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို လေ့လာနေသည့် ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် ဒေါက်တာ ဝီချိုင်း ဝီရတ်ကာပန် (Vichai Viratkapan) ကမူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေသည် ဆိုးရွားလာနိုင်ကြောင်း သတိပေးခဲ့သည်။
“ချေးငွေတွေ ငြင်းပယ်ခံရတဲ့နှုန်းဟာ ၄၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာကြောင့် အိမ်ခြံမြေ အရောင်းကဏ္ဍမှာ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း ကျဆင်းလာခဲ့ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် အိမ်ခြံမြေ လွှဲပြောင်းဝယ်ယူမှုများသည်လည်း ၂၀၂၃ ခုနှစ် ပထမသုံးလပတ် ကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ် ပထမသုံးလပတ် ကာလသည် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြား ကျဆင်းခဲ့သည်။
Source: The Nation