CNI International News
ဒမတ်စကတ်၊ ဇူလိုင် ၁၈
အစ္စရေးသည် ဆီးရီးယားနိုင်ငံကို မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းနေကြောင်း ဆီးရီးယားသမ္မတ အာမက် အယ်ရှာရား (Ahmed al-Sharaa) က စွပ်စွဲခဲ့ပြီး ဒရုဇ်လူမျိုးများကို ကာကွယ်ပေးမည်ဟု ကတိပြုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဆီးရီးယားနိုင်ငံ တောင်ပိုင်းတွင် အစိုးရတပ်ဖွဲ့များနှင့် ဒရုဇ်လူမျိုးစု လက်နက်ကိုင်များကြား ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို အဆုံးသတ်ရန် အမေရိကန်က ကြားဝင်ကူညီပေးခဲ့ပြီးနောက် အယ်ရှာရားက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆီးရီးယားအစိုးရတပ်များသည် ဒရုဇ်လူမျိုးများ အများဆုံးနေထိုင်သည့် ဆဝိုက်ဒါ (Sweida) မြို့မှ ဇူလိုင် ၁၆ ရက် ညပိုင်းတွင် စတင်ဆုတ်ခွာခဲ့သည်။
ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် ဆဝိုက်ဒါမြို့၏ လမ်းများပေါ်၌ လူသေအလောင်း ၆၀ ကျော်ကို တွေ့ရှိခဲ့သည်ဟု ဒေသခံ ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့သည်။
ဒရုဇ်လူမျိုး လက်နက်ကိုင်တွေကို တွေ့ရစဉ်
ဒရုဇ်လူမျိုးများကို ထောက်ခံ့ပေးထားသည့် အစ္စရေးက ဇူလိုင် ၁၆ ရက်တွင် ဆီးရီးယား၏ မြို့တော်ဖြစ်သည့် ဒမတ်စကတ်မြို့တော်နှင့် တောင်ပိုင်းရှိ ဆီးရီးယားအစိုးရတပ်ဖွဲ့များကို လေကြောင်း တိုက်ခိုက်ခဲ့သဖြင့် ဆီးရီးယားပဋိပက္ခသည် နောက်တစ်ကြိမ် အရှိန်မြင့်တက်ခဲ့သည်။
ဆီးရီးယား ခေါင်းဆောင်သစ်များသည် အသွင်ပြောင်းထားသည့် ဂျီဟတ်များဖြစ်ပြီး ဆီးရီးယားအစိုးရတပ်ဖွဲ့များ ကို အစ္စရေးနယ်စပ်အနီးရှိ ဆီးရီးယားတောင်ပိုင်း ဒေသများတွင် ဖြန့်ကြက်ချထားခွင့် ပေးမည်မဟုတ်ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။
အယ်ရှားရားကမူ အစ္စရေးသည် ဆီးရီးယား၏ စည်းလုံးညီညွတ်မှုကို ဖြိုခွဲရန် ကြိုးပမ်းနေကြောင်း၊ ဒရုဇ်လူမျိုး များနှင့် ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်ရေးသည် မိမိတို့၏ ဦးစားပေးကိစ္စဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံမှ ပြောကြားခဲ့သည်။
ထို့ပြင် ဒရုဇ်လူမျိုးများကို ပစ်မှတ်ထား တိုက်ခိုက်သူများအား အရေးယူသွားမည်ဟုလည်း အယ်ရှာရားက ပြောကြားခဲ့သည်။
အယ်ရှာရားသည် အယ်ကေဒါအဖွဲ့နှင့် ဆက်နွှယ်သည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ တပ်မှူးဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် တွင် အယ်ကေဒါအဖွဲ့နှင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။
Source: ရိုက်တာ