CNI International News

ဒါကာ၊ ဇူလိုင် ၁၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇူလိုင် ၁၆ ရက်က ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheikh Hasina) ကို ထောက်ခံ သူများနှင့် လုံခြုံရေးတပ်ဖွဲ့များကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ဖြင့် လူလေးဦး သေဆုံးခဲ့ကြောင်း The New Indian Express သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ဟာစီနာ၏ မွေးရပ်ဖြစ်သည့် ဂိုပယ်လ်ဂန့်ဂျ် (Gopalganj) မြို့တွင် ဇူလိုင် ၁၆ ရက်က ဆူပူအုံကြွမှုများ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဟာစီနာကို ရာထူးမှဖြုတ်ချခဲ့သည့် ကျောင်းသားများ ထူထောင်ခဲ့သော နေရှင်နယ် စီတီဇင်ပါတီ (NCP) ၏ ခေါင်းဆောင်များသည် မော်တော်ယာဉ်တန်းဖြင့် ထိုမြို့သို့ ရောက်ရှိလာချိန်တွင် ဆန္ဒပြသူများက မော်တော်ယာဉ်တန်းအား နှောင့်ယှက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် အာဏာပိုင်များက ကာဖျူးမိန့်ကို ထုတ်ပြန်ခဲ့သည်။

ရုပ်သံမှတ်တမ်းများတွင် ဟာစီနာကို ထောက်ခံသူများသည် ရဲတပ်ဖွဲ့ကို တုတ်များဖြင့် တိုက်ခိုက်ခဲ့ပြီး မော်တော် ယာဉ်များအား မီးရှို့ခဲ့ပုံများကို ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်မှာ အဓိကရုဏ်းဖြစ်နေစဉ် 

NCP ပါတီ၏ ခေါင်းဆောင်များကိုမူ ရဲတပ်ဖွဲ့က လုံခြုံရေးယူပြီး ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့သည်။

နိုင်ငံပိုင်ဆေးရုံ၏ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဂျီဘစ်တက် ဘစ်ဝက်စ် (Jibitesh Biswas) က လက်ရှိအချိန်ထိ ဆေးရုံသို့ အလောင်း ၃ လောင်း ရောက်ရှိလာကြောင်း သတင်းထောက်များကို ပြောကြားခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်၏ နာမည်ကြီး Daily Star သတင်းစာကမူ သေဆုံးသူ ၄ ဦးရှိကြောင်း ဖော်ပြခဲ့သည်။

မေလအတွင်းက ပိတ်ပင်ခံခဲ့ရသည့် ဟာစီနာ၏  အဝါမီလိဂ်(Awami League)ပါတီကမူ အကြမ်းဖက်မှုများကို ရှုတ်ချကြောင်းနှင့် ထိခိုက်သေဆုံးမှုများအတွက် ယာယီအစိုးရအား ဝေဖန်ပြစ်တင်ခဲ့သည်။

လက်ယာယိမ်း ဂျာမား အိစ် အစ္စလာမစ်(Jamaat-e-Islami)ပါတီကလည်း ကျောင်းသားများ ဦးဆောင်သည့် NCP ပါတီအား တိုက်ခိုက်မှုများကို ရှုတ်ချခဲ့သည်။

အသစ် ဖွဲ့စည်းတည်ထောင်ခဲ့သည့် NCP ပါတီသည် ၎င်းတို့ကိုယ်ကိုယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး၏ အင်အားစု အသစ်တစ်ခုဖြစ်ကြောင်း ပြသရန် ဇူလိုင် ၁ ရက်မှစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း လှည့်လည်သွားလာခဲ့ ကြသည်။

Source: The New Indian Express