CNI International News

ဒါကာ၊ ဖေဖော်ဝါရီ ၁၂

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ဖြုတ်ချခဲ့သည့် ကျောင်းသားများသည် နိုင်ငံရေးလောထဲသို့ ဝင်ရောက်လာနေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းက ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသားများဦးဆောင်သည့် ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) သည် နိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ကာ အစိုးရအဖွဲ့ ပြုတ်ကျခဲ့သည်။

ထိုဆူပူအုံကြွမှုများသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ အစောပိုင်းက စတင်ဖြစ်ပွားခဲ့သည်။

တက္ကသိုလ်ကျောင်းသားများသည် အစိုးရ အလုပ်အကိုင်များ၏ ၃၀ ရာခိုင်နှုန်းကို ၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သူများ၏ သားစဉ်မြေးဆက်များအတွက် သီးသန့်လျာထားသည့် အလုပ်အကိုင် ခွဲတမ်း ချသည့်စနစ်ကို ဆန့်ကျင်သည့် အနေဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ထိုစနစ်သည် ခေတ်မမီတော့ဘဲ တရားမျှတခြင်းမရှိကာ များပြားသည့် လူဦးရေအတွက် အခွင့်အလမ်းများကို ကန့်သတ်ထားခြင်းဖြစ်သည်ဟု ကျောင်းသားအများစုက ရှုမြင်ခဲ့ကြသည်။

ပုံစာ- ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်ကို တွေ့ရစဉ်

ဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့များနှင့် ဟာစီနာ၏ အာဏာရ  Awami League ပါတီမှ ကျောင်းသားအဖွဲ့ ဖြစ်သည့်  Bangladesh Chhatra League တို့က အင်အားသုံးဖြိုခွင်းချိန်တွင် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာပြီး ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့သည်။

ထိုဆူပူအုံကြွမှုအတွင်း လူပေါင်း ၁၅၀ ထက်မနည်း သေဆုံးကာ ဒါဇင်နှင့်ချီ ဖမ်းဆီးခံခဲ့ရကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ် ဟာစီနာသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅ ရက်တွင် ရာထူးမှ နုတ်ထွက်ပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ထို့နောက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ် (Muhammad Yunus) ဦးဆောင်သည့် ကြားဖြတ်အစိုးရ အဖွဲ့ ဖွဲ့စည်းခဲ့သည်။

ထိုကြားဖြတ်အစိုးရအဖွဲ့အတွင်း ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်အချို့သည် အဓိက ရာထူးနေရာများတွင် ခန့်အပ်ခံခဲ့ရသည်။

ဥပမာပြရပါက ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး ကျောင်းသားများ လှုပ်ရှားမှုအမည်ရှိ ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် ကျောင်းသားခေါင်းဆောင် နာဟစ် အစ္စလာမ် (Nahid Islam) သည် ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာရေးရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

ပုံစာ- ဆန္ဒပြသူများကို တွေ့ရစဉ်

ထိုကျောင်းသားခေါင်းဆောင်များသည် နိုင်ငံကို အုပ်ချုပ်နေသည့် ယာယီအစိုးရအဖွဲ့တွင် တက်ကြွစွာ ပါဝင်နေပြီး ၎င်းတို့ ဆန့်ကျင်ခဲ့သည့် စနစ်များကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ရည်ရွယ်လုပ်ဆောင်နေသည်။

ရွေးကောက်ပွဲများ မကျင်းပမီ ပြည့်စုံကျယ်ပြန့်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်းကို ကြားဖြတ်အစိုးရအဖွဲ့အတွင်းရှိ ကျောင်းသားခေါင်းဆောင်များက အလေးထား ပြောဆိုနေကြသည်။

ထို့ကြောင့် အဂတိလိုက်စားမှု ဖြစ်စေသည့် စနစ်များကို ဖျက်သိမ်းခြင်း၊ မျှတသည့် စနစ်များကို ဖော်ဆောင်ခြင်း တို့ကို ပြုလုပ်နေသည်။

ဘင်္ဂလားဒေ့ရှ် ကျောင်းသားများ၏ ဆန္ဒပြမှုသည် ကမ္ဘာပေါ်တွင် ပထမဆုံး အောင်မြင်သည့် Gen Z တော်လှန်ရေး အဖြစ် သုံးနှုန်းဖော်ပြခံခဲ့ရပြီး နိုင်ငံရေး အခင်းအကျင်းများတွင် လူငယ်တက်ကြွလှုပ်ရှားသူများ၏ အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို နောက်ထပ်တစ်ကြိမ် မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။

Source: Nikkei Asia