CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ထိပ်သီးအကြံပေးပုဂ္ဂိုလ်များက ယခုသီတင်းပတ်အတွင်း ရုရှား-ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေးကို ဆွေးနွေးမည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ ထရမ့်၏ အထူးသံတမန်ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကိတ်သ် ကဲလော့ဂျ် (Keith Kellogg) က နှစ်စဉ်ကျင်းပသည့် မြူးနစ်လုံခြုံရေးညီလာခံအတွင်း ယူကရိန်းအရေးကို အသေးစိတ်ဆွေးနွေးရန် အိမ်ဖြူတော်က ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) ၊ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) နှင့် ကဲလော့ဂျ်တို့က ဂျာမနီတွင် ပြုလုပ်မည့် မြူးနစ်လုံခြုံရေးညီလာခံကို တက်ရောက်မည်ဖြစ်ပြီး ဇာလန်းစကီးနှင့် ပြုလုပ်မည့် ဆွေးနွေးပွဲများ၌ ပါဝင်ဆွေးနွေးမည်ဖြစ်သည်။

ပုံစာ- ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

“လုပ်ငန်းစဉ်က ဘယ်လို အလုပ်ဖြစ်မလဲဆိုတာကို သိထားမယ်ဆိုရင် ကျနော်တို့ တွေ့ဆုံချိန်မှာ ဇာလန်စကီး ဘက်က ကောင်းကောင်း ပြင်ဆင်လာနိုင်ပါလိမ့်မယ်” ဟု ကဲလော့ဂျ်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်ကလည်း သူသည် ယခုသီတင်းပတ်အတွင်း ဇာလန်းစကီးနှင့် စကားပြောဆိုဖွယ် ရှိကြောင်း ဖေဖော်ဝါရီ ၁၀ ရက်က ပြောကြားခဲ့သည်။

မြူးနစ်လုံခြုံရေးညီလာခံကို အသုံးချပြီး နိုင်ငံတကာခေါင်းဆောင်များ စုရုံးရောက်ရှိလာစေရန်နှင့် ရုရှားကို တွန်းလှန် တိုက်ခိုက်နေသည့် ယူကရိန်းအား ကူညီထောက်ပံ့မှုများပေးနေသော ဥရောပနိုင်ငံများ၏ ကူညီ ထောက်ပံ့မှုကို ပိုမိုမြှင့်တင်ရန် လုပ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း ထရမ့်နှင့် အမေရိကန်အစိုးရအရာရှိများက ပြောကြားခဲ့သည်။

ပုံစာ- အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ကဲလော့ဂျ်က ၎င်းနှင့် အမေရိကန် အရာရှိများသည် ယူကရိန်းအရေးကို ဆွေးနွေးရန် ဝါရှင်တန်တွင် ဥရောပ သံတမန်များနှင့်လည်း အစည်းအဝေး ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် မြူးနစ်တွင် ပြုလုပ်မည့် ဆွေးနွေးမှုများသည် ထရန့်၏ ထိပ်သီး လက်ထောက်များအတွက် အမေရိကန် အစိုးရအဖွဲ့၏ နိုင်ငံခြားရေးမူဝါဒ အလားအလာ၊ စစ်ပွဲအပေါ် ချဉ်းကပ်မှုတို့နှင့် ပတ်သက်ပြီး နိုင်ငံတကာကို ချပြနိုင်မည့် ကြီးမားသည့် အခွင့်အလမ်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ထရမ့်ကမူ အမေရိကန်သည် ယူကရိန်းစစ်ပွဲအတွက် ငွေကြေး အလွန်သုံးစွဲနေကြောင်းနှင့် ဥရောပနိုင်ငံများသည် ယူကရိန်းကို ထောက်ပံ့သင့်သလောက် ထောက်ပံ့ခဲ့ခြင်းမရှိကြောင်း ဝေဖန်ခဲ့သည်။

ထို့ပြင် ဥရောပနိုင်ငံများ အနေဖြင့် ယူကရိန်းကို အကူအညီပေးခဲ့သည့် အမေရိကန်၏ ငွေကြေးသုံးစွဲမှုများအား ပြန်ပေးသင့်ကြောင်းလည်း ထရမ့်က တောင်းဆိုခဲ့သည်။

Source: အေပီ