CNI New

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၈

မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း၌ ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲသည် ၁၉၅၁-၅၂ ခုနှစ်က ကျင်းပခဲ့ သော ရွေး‌ကောက်ပွဲကာလထက် အခြေအနေ ဆိုးလာနိုင်သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များ မှ မေးခွန်းထုတ်နေကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများ၌ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။

လာမည့် ‌ရွေးကောက်ပွဲသည် ၁၉၅၁-၅၂ ရွေးကောက်ပွဲထက် အခြေအနေ ဆိုးလာနိုင်မလား မပြောတတ်ဘူးဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု ရွေးကောက်ပွဲကတော့ စိန်ခေါ်မှု ကြီးကြီးမားမားကိုတော့ ကျနော်တို့ ကျော်လွှားရမှာပါ။ ဘာလို့လဲ ဆိုတော့ ဒီခေတ် အခြေအနေရော လုံခြုံရေးကဏ္ဍ ခါတိုင်း ရွေးကောက်ပွဲတော့ မသိဘူး။ ၁၉၅၁- ၅၂ ရွေးကောက် ပွဲ ထက်တောင်မှ အခြေအနေက ဆိုးလာနိုင်မလားတော့ မပြောတတ်ဘူး။ ဒါပေမယ့်လည်း နိုင်ငံ့မျက်နှာ ဒါ ပြည်သူရဲ့ မျက်နှာ ကြည့်ပြီးမှတော့ ကျနော်တို့ ကြိုးစားပြီး အလုပ်လုပ်သွားရမှာပေါ့။ ရွေးကောက်ပွဲကို ကာကွယ် စောင့် ရှောက်တဲ့ ဥပဒေဆိုတာလည်း ထုတ်ပြန်ထားပြီဆိုတော့ အဲတာကိုလည်း ပြည်သူတွေ အနေနဲ့ လိုက်နာဖို့ တော့ လိုအပ်တာပေါ့နော်။  ပြည်သူလူထုတွေ အေးအေးဆေးဆေး မဲပေးနိုင်တဲ့ အခြေအနေတော့ မရောက်သေး ဘူးလို့တော့ ကျနော့် အနေနဲ့မြင်တာပေါ့။ အဲတာတော့ ပြည်သူလည်း ပူးပေါင်း ဒီအစိုးရဘက်ကလည်း သူ့ရဲ့ ယုံကြည်မှုပေါ့ဗျာ။ ဒီအခု ကျနော်တို့ ရွေးကောက်ပွဲ ပြီးသွားရင် ငါတို့ ဘာတွေလုပ်မယ်ဆိုတဲ့ ဥစ္စာမျိုးကို အစိုးရ ဘက်က လည်း ပြည်သူလူထုကို ကတိကဝတ် တစ်ခုမျိုးတော့ ပေးသင့်တယ်”ဟု ပြောသည်။ 

၁၉၅၁-၅၂ ခုနှစ်က ပါလီမန်လွှတ်တော်ကို တွေ့ရစဉ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲကို မပျက် ပျက်အောင် ဖျက်ဆီး မည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)တချို့ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် နွေဦးတော်လှန်ရေး အင်အားစုများက ထုတ်ပြန်ကြေညာထားသည်။ 

ထို့နောက် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် လုံခြုံရေးအရ ခြိမ်းခြောက်မှုများ ခံလာကြရပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အခက်အခဲများ ရင်ဆိုင်နေ ကြရသည်။

ထိုသို့ အခြေအနေများ အတွင်းမှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။

ထိုဥပဒေအရ ရွေးကောက်ပွဲအား နှောင့်ယှက်ခြင်း၊ ပျက်အောင်ဖျက်ခြင်း၊ လူသေဆုံးအောင် လုပ်ဆောင်ခြင်း၊ လူသေဆုံးခြင်း စသည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ပါက ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အများဆုံး တစ်သက် ချမှတ်နိုင်သလို သေဒဏ်ထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံ၏ လက်ရှိ မတည်ငြိမ်မှုများ၊ ပြည်တွင်းစစ်၏ ရိုက်ခတ်မှုများ၊ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်အရ အခြေခံဥပဒေ အခန်း(၈)၏ နိုင်ငံသားများ မူလအခွင့်အရေးကို ကန့်သက်၍ မရတော့ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်အဖွဲ့တစ်ခုကို တွေ့ရစဉ် 

၎င်းက “ပြည်တွင်းစစ်ရဲ့ ရိုက်ခတ်မှုတွေ ၅၁ မှာလည်း မဲပုံးတွေကို သူ့နေရာမှာ မထောင်နိုင်တဲ့ အခါမှာ ဖြစ်စဉ်နှစ်ခုကတော့ သူရဲ့ပတ်ဝန်းကျင် သူ့ရဲ့ကာလ ဖွံ့ဖြိုးတိုးတက်မှု စသဖြင့်ပေါ့ဗျာ အဲဒီတုန်းက မဲဆန္ဒရှင် အနေ အထား အခုအနေအထား မတူတော့ဘူး။ နောက် ဆိုရှယ်မီဒီယာများရဲ့ လွမ်းမိုးမှုများကို သတင်းတစ်ခုရဲ့ ဖြစ်စဉ် က အင်မတန် မြန်တယ်။ ဆိုတော့ အဲဒီနှစ်ခု ခြားနားမှုက ကာလ အခြေအနေအရ ရှိနိုင်တယ်။ အနာဂတ် ကာလ အတွက် ဘယ်လို ရည်မှန်းနေကြပြီလဲပေါ့။ လက်ရှိ အကျဉ်းအကျပ်ကို ရုန်းထွက်လိုတဲ့ဆန္ဒ ရှိ/မရှိပေါ့ လွန်ခဲ့တဲ့ အတိတ် ၅ နှစ်တာ ကာလက အနေအထားကို ပြန်ရောက်လိုတဲ့ဆန္ဒ အင်အားစု ဘယ်လောက် ရာခိုင်နှုန်း ကျန် သေး သလဲပေါ့။ ဒါတွေက လာမယ့် ရွေးကောက်ပွဲကို လွှမ်းမိုးပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထား မတည်ငြိမ်မှုတွေ ဒီဥစ္စာလေးတွေရဲ့ ရုန်းထွက်လိုတဲ့ဆန္ဒက ၇၅ ရာခိုင်နှုန်း အထက်မှာ ရှိတယ်။ မဲပေးပြီးမှ အပြောင်းအလဲ တစ်ခုကို လူထုသည် သွားမှဖြစ်မယ်ဆိုတဲ့ ရာခိုင်နှုန်းက အနည်းဆုံး ၈၀ ရာခိုင်နှုန်းကျော်မှာ ရှိတယ်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းမှာ လက်နက်ကိုင် ပဋိပက္ခများ အပြင်းအထန် ဖြစ်ပွားနေသလို နွေဦးတော်လှန်ရေး အင်အားစုများကလည်း ရွေးကောက်ပွဲကို ပျက်မည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်သူများကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည့်အတွက် ပြည်သူလူထုသည် မဲပေး‌ရေး/မပေးရေးအပေါ် ဝေးဝါးလာ ကြသလို လုံခြုံရေးအရလည်း စိုးရိမ်လာကြသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က လွတ်လပ်ရေးရပြီးနောက် သုံးလအကြာတွင် ဗမာပြည်ကွန်မြူ နစ်ပါတီ၊ ရဲဘော်ဖြူ၊ ရဲဘော်နီ၊ ပြည်သူ့ရဲဘော်၊ ကရင်လက်နက်ကိုင်များ လက်နက်ကိုင်တော်လှန်ခဲ့ရာ ၁၉၄၉ ခုနှစ်တွင် ဦးနု ဦးဆောင်သော အစိုးရသည် ရန်ကုန်ကိုသာ အုပ်ချုပ်နိုင်တော့သည့်အတွက် ရန်ကုန်အစိုးရဟုပင် ခေါ်ဝေါ်ခံခဲ့ရသည်။

ထို့နောက် မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို လုံခြုံရေး အားနည်းမှုနှင့် နယ်မြေ တည်ငြိမ်မှု မရှိခြင်းကြောင့် ၁၉၅၁ ခုနှစ်၊ ဇွန်လမှ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အသုတ်လိုက်ခွဲ၍ ရွေးကောက်ပွဲ ကျင်းပခဲ့ရသည်။