CNI International News
ဘန်ကောက်၊ ဩဂုတ် ၄
ထိုင်းနိုင်ငံ၏ မြေပေါ်တွင် သူလျှိုလုပ်နေသည့် ကမ္ဘောဒီးယား နိုင်ငံသားများသည် သေဒဏ် ချမှတ်ခံရဖွယ် ရှိကြောင်း ထိုင်းအစိုးရက သတိပေးခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထို့နောက် နယ်စပ်ဒေသ တစ်လျှောက်တွင် ဒရုန်းများ လွှတ်တင်မှုကို တားမြစ်ခဲ့ကာ ကင်းလှည့်မှုများကို တိုးမြှင့်ခဲ့ သည်။
ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယူ ဟောင်ဆပ် (Jirayu Houngsub) က ဩဂုတ် ၃ ရက်တွင် ကမ္ဘောဒီးယား နိုင်ငံသားများကို သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားအစိုးရနှင့် စစ်တပ်ကိုယ်စား သူလျှိုလုပ်ပေးခြင်း မပြုရန် ပြောကြားခဲ့သည်။
သူလျှိုလုပ်နေသည့် ကမ္ဘောဒီးယား နိုင်ငံသားများ အနေဖြင့် ဖမ်းဆီးခြင်းခံရပါက ထိုင်းဥပဒေအောက်တွင် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ် ချမှတ်ခံရမည်ဖြစ်ကြောင်း ဟောင်ဆပ်က ပြောကြားခဲ့သည်။
ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယူ ဟောင်ဆပ်ကို တွေ့ရစဉ်
ကမ္ဘောဒီးယား စစ်သားများ အနေဖြင့်လည်း ထိုင်းလေပိုင်နက်အတွင်း ဒရုန်းများ လွှတ်တင်ခြင်း မပြုရန်နှင့် ခွင့်ပြုချက်မရှိသည့် ဒရုန်းများကို ပစ်ချမည်ဟု ဂျီရာယူက ပြောကြားခဲ့သည်။
ထိုင်းတော်ဝင်စစ်တပ်နှင့် အခြား လုံခြုံရေးအေဂျင်စီများသည် နယ်စပ်ဒေသတွင် ဒရုန်းတိုက်ဖျက်ရေး ကင်းထောက်လှမ်းမှုနှင့် တန်ပြန် အစီအစဉ်များကို တင်းကြပ်ထားကြောင်း ၎င်းက ပြောသည်။
အမှတ် ၂ စစ်ဒေသ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဘွန်ဆင် ပက်ကလန် (Boonsin Padklang) ကလည်း ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ်ပေါင်း ၂၀ မှ ပြည်နယ်အုပ်ချုပ်ရေးမှူးများကို မဟာဗျူဟာမြောက် နယ်နိမိတ်များ အား ကာကွယ်မှုကို တိုးမြှင့်လုပ်ဆောင်ရန် အမိန့်ထုတ်ပြန်ထားသည်။
ထိုအစီအစဉ်များအနက် ပြည်နယ်ခန်းမများ၊ လက်နက်တိုက်များ၊ ရဲစခန်းများ၊ ဘတ်စ်ကားဂိတ်များ၊ အားကစား ကွင်းများနှင့် လေဆိပ်များကို ကာကွယ်မှုများ တိုးမြှင့်ရန် ညွှန်ကြားချက်များ ပါဝင်သည်။
သူလျှိုမှုသည် ထိုင်းနိုင်ငံတွင် အလွန်ကြီးလေးသည့် ရာဇဝတ်မှု ဖြစ်ကြောင်း၊ သေဒဏ်အထိ အပြစ်ပေးနိုင် ကြောင်း ဂျီရာယူက ထပ်လောင်း ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ လက်တွေ့တွင် ပြည်ပ သူလျှိုများကို ထောင်ဒဏ်သာ ချမှတ်လေ့ရှိပြီး ပြစ်ဒဏ် သက်တမ်းစေ့ ပါက ၎င်းတို့၏ မိခင်နိုင်ငံများကို ပြန်ပို့လေ့ရှိကြောင်း ၎င်းက ဆိုသည်။
ထိုင်း မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ (CAAT) ကလည်း ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၁၅ ရက်အထိ နိုင်ငံတစ်ဝန်း ဒရုန်း လွှတ်တင်မှုများကို တားမြစ်ပိတ်ပင်ခဲ့သည်။
Source: The Nation