CNI International News

ဒမတ်စကတ်၊ ဩဂုတ် ၄

ဆီးရီးယားနိုင်ငံတွင် ကာ့ဒ်များဦးဆောင်သည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) သည် နိုင်ငံမြောက်ပိုင်းရှိ စစ်စခန်းတစ်ခုကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

မန်ဘစ် (Manbij) မြို့တွင် ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုကြောင့် စစ်သား ၄ ဦးနှင့် အရပ်သား ၃ ဦး ဒဏ်ရာရခဲ့ ကြောင်း၊ အစိုးရတပ်ဖွဲ့များသည် ထိုတိုက်ခိုက်မှုကို တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယား၏ တရားဝင် SANA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

“စစ်တပ်ရဲ့ တပ်ဖွဲ့တွေက ပစ်ခတ်မှုရဲ့ အရင်းအမြစ်ကို ရှာဖွေပြီး တုံ့ပြန်ခဲ့ပါတယ်”ဟု ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ခိုက်မှုသည် စနစ်တကျ လေ့ကျင့်ထာသည့် တိုက်ခိုက်မှု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့သော် အမေရိကန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် SDF ကမူ ၎င်းတို့သည် အရပ်သားများ နေထိုင် သည့် နေရာများကို အမြောက်ဖြင့် ၁၀ ကြိမ်ကျော် ပစ်ခတ်ခဲ့သော စစ်တပ်၏ ရန်စမှုကို တုံ့ပြန်တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

 ကာ့ဒ်တပ်ဖွဲ့ ခေါင်းဆောင်နဲ့ ဆီးရီးယားသမ္မတ အာမက် အယ်ရှာရားတို့ ငြိမ်းချမ်းရေးလက်မှတ်ထိုးကြစဉ်

SDF ၏ ထုတ်ပြန်ချက်တွင် ထိခိုက်သေဆုံးသူများ ရှိ၊မရှိ ဖော်ပြခဲ့ခြင်း မရှိပေ။

မတ်လအတွင်းက SDF သည် ဆီးရီးယား၏ အစိုးရဌာနများတွင် ပူးပေါင်းဝင်ရောက်ရန် ဆီးရီးယား ယာယီ အစိုးရနှင့် သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ပြီးနောက် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

SDF သည် ၂၀၁၅ ခုနှစ်ကတည်းက ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထိန်းချုပ်ထားသည်။

မတ်လက လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှုကို အကောင်အထည် ဖော်မည်ဆိုပါက SDF သည် ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသကို သမ္မတ အာမက် အယ်ရှာရား (Ahmed al-Sharaa) ဦးဆောင်သည့် ဆီးရီးယား ဗဟိုအစိုးရ၏ ထိန်းချုပ်မှုအောက်သို့ လွှဲပြောင်းပေးအပ်ရမည်ဖြစ်သည်။

မတ်လက ရရှိခဲ့သည့် သဘောတူညီမှုတွင် SDF သည် ဆီးရီးယား စစ်တပ်အတွင်း မည်ကဲ့သို့ ပူးပေါင်းဝင်ရောက် မည်ဆိုခြင်းကိုမူ တိကျစွာ မသိရသေးပေ။

Source: အယ်လ်ဂျာဇီးယား