CNI International News

မော်စကို၊ ဩဂုတ် ၄

ရုရှားနှင့် တရုတ်ရေတပ်များသည် ဂျပန်ပင်လယ်တွင် လက်နက်ကြီး ပစ်ခတ်မှုနှင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စစ်ရေး လေ့ကျင့်မှုများကို ဇူလိုင် ၃ ရက်က စတင်ပြုလုပ်ခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုပူးတွဲစစ်ရေး လေ့ကျင့်မှုများတွင် ရုရှား၏ ပစိဖိတ် စစ်သင်္ဘောအုပ်စုနှင့် တရုတ်စစ်သင်္ဘော ၄ စင်း ပါဝင် ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က နျူကလီးယား ရေငုပ်သင်္ဘော ၂ စင်းကို သင့်တော်သည့် ဒေသများသို့ စေလွှတ်ရန် အမိန့်ပေးခဲ့ပြီးနောက် ၂ ရက်အကြာတွင် တရုတ်နှင့် ရုရှားတို့၏ စစ်ရေးလေ့ကျင့်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ရုရှားနှင့် တရုတ် ရေတပ်သင်္ဘောသားများသည် လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေ့ကျင့်မှု၊ လေကြောင်း ကာကွယ်ရေး မစ်ရှင်များကို ပူးပေါင်း ပြုလုပ်သွားမည်ဟု ရုရှား၏ Interfax (အင်တာဖတ်စ်) သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တရုတ်နဲ့ရုရှား ရေတပ်ပူးပေါင်းမှုကို တွေ့ရစဉ်

Joint Sea-2025 ဟု အမည်ပေးထားသည့် ထိုစစ်ရေး လေ့ကျင့်မှုများကို ရုရှား၏ ဗလာဒီဗော့်စတော့ ဆိပ်ကမ်း အနီးရှိ ရေပြင်များတွင် သုံးရက်ကြာ ပြုလုပ်သွားမည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၃  ရက်၌ ထုတ်ပြန်ခဲ့သည်။

စစ်ရေးလေ့ကျင့်မှု အပြီးတွင် နှစ်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ၏ ရေပြင်များတွင် ရေတပ်ကင်းလှည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တရုတ်နှင့် ရုရှားသည် ၂၀၁၂ ခုနှစ်က စပြီး Joint Sea စစ်ရေး လေ့ကျင့်မှုများနှင်အတူ ပူးတွဲစစ်ရေး လေ့ကျင့်မှု များကို နှစ်စဉ်ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းတွင် ပြုလုပ်ခဲ့သည်။

ယခုနှစ် စစ်ရေး လေ့ကျင့်မှုများသည် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန် ရည်ရွယ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယူကရိန်းကို ရုရှားက ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ၂၀၂၂ ခုနှစ်နောက်ပိုင်း တရုတ်နှင့် ရုရှားကြား ဆက်ဆံရေးများ မြင့်တက်ခဲ့ပြီး ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်ခဲ့သည်။

Source: ရိုက်တာ