CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
စပါးအသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကစားသမားဘ၀ ပွဲဦးထွက် အဖြစ် လူစားလဲဝင်ရောက်ပြီး ပါဝင်ကစားခဲ့တဲ့ ရက်ရှ်ဖိုဒ့်နဲ့ အဆန်စီယိုတို့ရဲ့ စွမ်းဆောင်ရည်ကို နည်းပြ အူနှိုင်း အမ်မရီက ချီးကျူးခဲ့ပါတယ်။
အူနှိုင်းအမ်မရီက “ရက်ရှ်ဖိုဒ့်နဲ့ အဆန်စီယိုတို့ဟာ သူတို့ရဲ့ကျွမ်းကျင်မှုနဲ့ ကျနော်တို့ကို ဘယ်လိုအကူအညီ ပေးခဲ့လဲ ဆိုတာ ကြည့်ခဲ့ရပါတယ်။ သူတို့တွေဟာ နောက်လတွေမှာ ကျနော်တို့ရင်ဆိုင်ရမယ့် မတူညီတဲ့ ပြိုင်ပွဲတွေမှာ လည်း ကျနော်တို့ကို ထပ်ပြီးကူညီပေးသွားဦးမှာပါ။ ကျနော်တို့လုပ်ခဲ့တဲ့ အပြောင်းအလဲတွေပြီးရင် ကျနော်တို့ဟာ နည်းလမ်းအသစ်နဲ့ရောက်နေပါပြီ” လို့ ပြောခဲ့တာပါ။
ဒီဇင်ဘာ ၁၂ ရက်က ပါလ်ဇန်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ပြီးကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ခွင့် မရခဲ့တဲ့ ရက်ရှ်ဖိုဒ့်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အက်စတွန်ဗီလာအသင်းထံ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
စပါးအသင်းနဲ့ FA ဖလားပွဲစဉ်မှာ ရက်ရှ်ဖိုဒ့်ဟာ ပီအက်စ်ဂျီအသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ အဆန်စီယိုနဲ့အတူ အက်စတွန်ဗီလာအသင်းရဲ့ အရန်လူစာရင်းထဲ ပါဝင်ခွင့်ရခဲ့တာပါ။
ပွဲချိန် ၆၆ မိနစ်မှာ အက်စတွန်ဗီလာအသင်းဟာ ရက်ရှ်ဖိုဒ့်နဲ့ အဆန်စီယိုတို့ နှစ်ဦးစလုံးကို လူစားလဲ ထည့်သွင်း အသုံးပြုခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖိုဒ့်နဲ့ အဆန်စီယိုတို့ဟာ ပါဝင်ကစားခွင့်ရခဲ့တဲ့ မိနစ်တွေအတွင်းမှာ ခြေစွမ်းပြသ နိုင်ခဲ့လို့ နည်းပြအူနှိုင်းအမ်မရီရဲ့ ချီးကျူးမှုကို ရရှိခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ FA ဖလားပြိုင်ပွဲမှာ ပဉ္စမ အဆင့်ကို တက်နိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်ရောက်ထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ မှာ အမှတ်ပေးဇယားအဆင့် ၈ နေရာ ရပ်တည်နေပါတယ်။
အက်စတွန်ဗီလာအသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အစ်စဝှစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရက်ရှ်ဖိုဒ့်နဲ့ အဆန်စီယိုတို့ဟာ ဒီပွဲမှာအသင်းရဲ့ပွဲထွက်လူစာရင်းထဲ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source:Metro