CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

ဘာစီလိုနာအသင်းဟာ ဆီဗီလာအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး လာလီဂါထိပ်ဆုံးနေရာက ရီးရယ်လ်အသင်းနဲ့ ၂ မှတ်သာကွာဟတော့ပေမယ့် နည်းပြဟန်ဆီဖလစ်က အသင်းဟာ အခြားအရာတွေကို အာရုံမစိုက်ဘဲ သူတို့ကိုယ်သူတို့သာ အာရုံစိုက်မယ်လို့ ပြောခဲ့ပါတယ်။

ဟန်ဆီဖလစ်က “ကျနော်တို့ဟာ တခြားအသင်းတွေကို ဂရုမစိုက်ပါဘူး။ ကျနော်တို့ရဲ့အလုပ်ကို ကျနော်တို့လုပ်သွားမှာပါ။ ကျနော်တို့ဟာ ဒီပွဲမှာ အလွန်ကောင်းမွန်စွာလုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ တခြားအသင်းတွေကို မဟုတ်ဘဲ ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်ချင်တယ်”လို့ ပြောခဲ့တာပါ။ 

ပြီးခဲ့တဲ့ ရီးရယ်လ်နဲ့ အသလက်တီကို အသင်းတို့ပွဲစဉ်ဟာ ၁ ဂိုးစီသရေကျခဲ့တာကြောင့် ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ဘာစီလိုနာအသင်းဟာ အမှတ်ပေးဇယားအဆင့် ၁ နေရာက ရီးရယ်လ်အသင်းနဲ့ ၂ မှတ်၊ အဆင့် ၂ နေရာက အသလက်တီကိုအသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် လာလီဂါချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုဟာ ပိုပြီးပြင်းထန်လာခဲ့တာပါ။ 

နည်းပြဟန်ဆီဖလစ်ကို တွေ့ရစဉ်

ဘာစီလိုနာအသင်းဟာ ၂၀၂၅ ခုနှစ်ထဲမှာ အကောင်းဆုံးပုံစံရရှိနေပြီး ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက်ရှုံးပွဲမရှိသလို ဂိုးပြတ်နိုင်ပွဲတွေလည်း အများကြီးရှိခဲ့ပါတယ်။ 

အသလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ဘာစီလိုနာအသင်းကို လာလီဂါရဲ့အကောင်းဆုံးအသင်းအဖြစ် မှတ်ချက်ပေးခဲ့ပေမယ့် နည်းပြဟန်ဆီဖလစ်က လာလီဂါမှာ အလွန်ကောင်းမွန်တဲ့အသင်းက ၄ ၊၅ သင်းရှိပြီး ဒီအထဲမှာ ဘာစီလိုနာအသင်းပါဝင်တယ်လို့ ပြန်တုန့်ပြန်ခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းဟာ ကြားရက်ထဲမှာ ပွဲတွေကစားဖို့မရှိလို့ နည်းပြဟန်ဆီလစ်ဟာ အသင်းသားတွေကို နားရက် ၃ ရက်ပေးခဲ့ပြီး ကြာသပတေးနေ့မှ လေ့ကျင့်ပြင်ဆင်မှုတွေစတင်မယ်လို့ ပြောခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ လာမယ့်လာလီဂါပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၇ ရက်မှာ ဗယ်လက်ကာနိုအသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။