CNI International News
ဂျာကာတာ၊ မေလ ၂၈
အမေရိကန်၏ ကုန်သွယ်ခွန်တိုးမြှင့်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ငွေတိုက်စာချုပ် စျေးကွက်အခြေအနေ ကမောက်ကမ ဖြစ်မှုတို့က အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ၏ အသုံးစရိတ် အစီအစဉ်များကို ထိခိုက်စေနိုင်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေသည် တည်ငြိမ်မှုရှိနေချိန်တွင် ကမ္ဘာလုံးဆိုင်ရာ ဖိအားများက အင်ဒိုနီးရှားအစိုးရအတွက် ငွေကြေးသုံးစွဲမှုကို လျှော့ချခြင်း သို့မဟုတ် ချေးငွေရယူမှုများအား လျှော့ချခြင်းတို့ကို ပြုလုပ်ရသည့် အခြေအနေသို့ ရောက်ရှိသွားစေနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်-တရုတ် ကုန်သွယ်ရေး တင်းမာမှုလျှော့ချခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်အတွက် အသက်ရှူချောင်စေခဲ့ပြီး အင်ဒိုနီးရှားအစိုးရသည်လည်း အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ် ၍ အခွန်ကိစ္စကို သဘောတူညီမှု ရယူနိုင်မည့် အခွင့်အလမ်းအား ရရှိစေခဲ့သည်။
သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ မခန့်မှန်းနိုင်သည့် ကုန်သွယ်ရေးမူဝါဒများ ကြောင့် ကမ္ဘာလုံးဆိုင်ရာ ငွေတိုက်စာချုပ် စျေးကွက်များ ကမောက်ကမ ဖြစ်နေမှုနှင့်အတူ မရေရာမှုများလည်း ရှိနေသည်။
စတော့ဈေးကွက်ကိုတွေ့ရစဉ်
ထိုအချိန်မျိုးတွင် နှစ်စဉ် ဒေါ်လာ ၃၀ ဘီလျံ ကုန်ကျမည့် မူလတန်း ကျောင်းသားများနှင့် ကိုယ်ဝန်ဆောင် မိခင်များကို နေ့လည်စာ အခမဲ့ကျွေးမွေးသည့် အစီအစဉ် အပါအဝင် အင်ဒိုနီးရှားအစိုးရ၏ လူမှုသက်သာချောင်ချိ ရေး အစီအစဉ်များသည် ၂၀၂၄ ဘတ်ဂျက်၏ ၁၄ ရာခိုင်နှုန်းကို အသုံးပြုခဲ့ရသည်။
ထိုစီမံကိန်းများအတွက် ငွေကြေး ပိုမိုသုံးစွဲနိုင်ရန် အစိုးရအဖွဲ့သည် ပညာရေး၊ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံကဲ့သို့ မတူကွဲပြားသည့် ကဏ္ဍများတွင် ဘတ်ဂျက်များကို လျှော့ချခဲ့ရသည်။
ထို့ကြောင့် နိုင်ငံအတွင်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရပြီး ရင်းနှီးမြှုပ်နှံသူများကလည်း အစိုးရအဖွဲ့၏ ငွေကြေးမူဝါဒနှင့် စီးပွားရေး တည်ငြိမ်မှုအပေါ် စိုးရိမ်ခဲ့ကြသည်။
အင်ဒိုနီးရှား၏ ၂၀၂၅ ခုနှစ် ပထမသုံးလပတ် ကာလတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၈၇ ရာခိုင်နှုန်း နှေးကွေးခဲ့သည်။
ထို့ကြောင့် ငွေကြေးတန်ဖိုး တည်ငြိမ်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ရန် ဗဟိုဘဏ်သည် မေလအတွင်းက အတိုးနှုန်းများကို လျှော့ချခဲ့သည်။
ထိုသို့ လုပ်ဆောင်ခဲ့သော်လည်း ဂျာကာတာ စတော့အိတ်ချိန်းတွင် စျေးကွက်တန်ဖိုး ၇ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ရှယ်ယာရောင်းဝယ်မှုများ ယာယီရပ်တန့်သွားခဲ့သည်။
Source: Nikkei Asia