CNI International News
ဘန်ကောက်၊ မေလ ၂၈
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းက “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုကို တိုက်ဖျက်မည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်တွင် ကြေညာခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် (Thaksin Shinawatra) က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ အသစ်တစ်ခု ကြေညာခဲ့ပြီး ထိုင်းနိုင်ငံတစ်ဝန်း မူးယစ်မှောင်ခိုကွန်ရက်ကို တိုက်ဖျက်ရန်နှင့် မူးယစ်ဆေး ရောင်းဝယ်သူများအား ရှာဖွေရန် သန္နိဋ္ဌာန်ချခဲ့ကြောင်း ပြောကြားခဲ့သည်။
သက်ဆင်သည် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံးတွင် "မူးယစ်ဆေးဝါး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ ရေရှည်ဖြေရှင်းနည်းများအတွက် သဘောထားများနှင့် စိန်ခေါ်မှုများ" အမည်ရှိ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားချိန်အတွင်း မူးယစ်စစ်ပွဲအသစ် ကြေညာခဲ့ခြင်းဖြစ်သည်။
စိတ်ကြွဆေး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ရှေ့ပြေးဓာတုပစ္စည်းများ မှောင်ခိုတင်သွင်းမှုကို ရပ်တန့်ရန် ပျက်ကွက်သည့်အတွက် အကျင့်ပျက် အကောက်ခွန် အရာရှိများကို သက်ဆင်က အပြစ်တင်ခဲ့သည်။
မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးဖို့လုပ်နေတဲ့ UWSA ကိုတွေ့ရစဉ်
အဆိုပါ ဓာတုပစ္စည်းများကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်သို့ ပို့ဆောင်ပေးသည်။
UWSA သည် ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်လာမှုအတွက် တာဝန်ရှိသည်ဟု ၎င်းက စွပ်စွဲခဲ့ သည်။
သက်ဆင်သည် မြန်မာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လာအိုဝန်ကြီးချုပ်တို့ဖြင့် ဆက်ဆံ ရေး ကောင်းမွန်ကြောင်း ကြွားဝါခဲ့ပြီး ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါး တင်ပို့မှု ရပ်တန့်ရန် ၎င်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုကို ရှာဖွေနိုင်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း ထိုင်းနိုင်ငံသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို လွတ်လပ်စွာ ကိုင်တွယ်ဖြေရှင်းရမည်ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်သည် အစိုးရ၏ ထိန်းချုပ်မှု ကင်းမဲ့နေကြောင်း သက်ဆင်က ထောက်ပြသည်။
“မူးယစ်ဆေး ထုတ်လုပ်သူတွေကို အမြန်ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာက လက်ခံနိုင်တဲ့ နည်းလမ်းတွေရှိရမယ်” ဟု သက်ဆင်က ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် UWSA ကို နှိမ်နှင်းရန် မြန်မာနှင့် မကြာမီ အစီအမံများ ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သက်ဆင်သည် ၂၀၀၃ ခုနှစ်ကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ ကြေညာခဲ့ဖူးသည်။
UWSA တပ်ဖွဲ့ကိုတွေ့ရစဉ်
ထိုစစ်ဆင်ရေးအတွင်း ဥပဒေမဲ့သတ်ဖြတ်မှု ၂၈၀၀ ကျော်ရှိခဲ့ကာ ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်တွင်လည်း မူးယစ်စစ်ပွဲသစ် ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။
ယခုတစ်ကြိမ်တွင်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ရှာဖွေရန်အတွက် ရပ်ကွက်အလိုက်၊ မြို့နယ် အလိုက် အသေးစိတ် စစ်ဆေးကြရန် သက်ဆင်က ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့အကြီးအကဲကိုယ်စား ပြောကြားခဲ့သည်။
သက်ဆင်က မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ရှာဖွေရန်အတွက် လူအုပ်စုလိုက် စစ်ဆေးမှုများ ပြုလုပ်ခွင့် ရရှိရန် ၎င်း၏သမီးဖြစ်သူ ပေတုန်တန်(Paetongtarn Shinawatra) ထံမှ ခွင့်ပြုချက်ရရှိရန် ကြိုးပမ်းသွားမည် ဟုဆိုသည်။
လေ့လာတွေ့ရှိချက်များကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲတို့ထံ တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် သက်ဆင်သည် ၂၀၀၃ ခုနှစ်က ပြုလုပ်ခဲ့သည့် မူးယစ်စစ်ပွဲတွင်လည်း အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများကို တစ်လက်မ မကျန် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးခဲ့သည်ဟု ဆိုသည်။
Source: The Nation