CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈

ပီအက်စ်ဂျီအသင်းဟာ အသင်းကို ရလဒ်ကောင်းတွေ ရယူပေးနေတဲ့ စပိန်လူမျိုးနည်းပြ လူးဝစ်အင်းနရစ်ကို ၂၀၂၇ ခုနှစ်အထိရှိမယ့် ၂ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ်က ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာခဲ့တဲ့ လူးဝစ်အင်းနရစ်ဟာ အသင်းကို လီဂူး-၁၊ ပြင်သစ်ဖလားနဲ့ ပြင်သစ်စူပါဖလားတို့ကို ရယူပေးထားနိုင်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ လီဂူး-၁ ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ရလဒ်ကောင်းတွေ ရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ မာဆေးလ်အသင်းထက် ၁ ပွဲပို ကစားကာ ရမှတ် ၁၃ မှတ်အသာနဲ့ ထိပ်ဆုံးနေရာ ရပ်တည်နေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပလေးအော့ဖ်ပွဲစဉ်ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။

စပိန်လူမျိုးနည်းပြ လူးဝစ်အင်းနရစ်က ပီအက်စ်ဂျီအသင်းက သူ့အပေါ်မှာထားရှိတဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပြီး ဒါက ပြင်သစ်ကလပ်မှာ အမွေအနှစ်တစ်ခု ချန်ထားနိုင်ဖို့ သူ့အတွက် တွန်းအားဖြစ်တယ်လို့ စာချုပ်သက်တမ်းတိုးပြီးနောက် ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီကစားသမား ၂ ဦးကို တွေ့ရစဉ်

ဒါအပြင် ပီအက်စ်ဂျီအသင်းဟာ ပြိုင်ပွဲတိုင်းမှာ နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ပြီး သမိုင်းဝင် အောင်မြင်မှုကို ဖန်တီးနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း လူးဝစ်အင်းနရစ်က ပြောခဲ့တာပါ။ 

ပီအက်စ်ဂျီအသင်းဟာ နည်းပြ လူးဝစ်အင်းနရစ် အပြင် အဓိက ကစားသမားတွေဖြစ်တဲ့ ဟာကီမီ၊ မန်ဒက်စ်နဲ့ ဗီတင်ဟာတို့ကိုလည်း စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ 

ပြင်သစ်ကလပ်ဟာ ဟာကီမီ၊ မန်ဒက်စ်နဲ့ ဗီတင်ဟာတို့ ၃ ဦးစလုံးကို ၂၀၂၉ ခုနှစ်အထိ အသင်းမှာရှိမယ့် စာချုပ် သက်တမ်းတိုးခဲ့တာပါ။ 

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်အစောပိုင်းပွဲတွေမှာ ရလဒ်ဆိုးတွေကြောင့် ပြိုင်ပွဲကနေ ထွက်ခွာရဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံး ၃ ပွဲစလုံး အနိုင်ရရှိခဲ့တာကြောင့် ပလေးအော့ဖ်ပွဲစဉ် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ် ပလေးအော့ဖ်ပွဲစဉ် ပထမအကျော့အဖြစ် ပြင်သစ်ကလပ် ဘရက်စ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN