CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ဂျူဗင်တပ်စ်အသင်းက ကိုမိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ၂ ဂိုးစလုံး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးသစ် ကိုလိုမူအာနီဟာ အခုထက်ပိုပြီး ကောင်းအောင်လုပ်နိုင်တယ်လို့ နည်းပြသီယာဂိုမော့တာက ပြောခဲ့ပါတယ်။
သီယာဂိုမော့တာက “ကိုလိုမူအာနီဟာ ပုံစံကောင်းရှိနေပြီး ဂိုးတွေသွင်းယူနိုင်ပေမယ့် သူပိုပြီးကောင်းအောင် လုပ်နိုင်မယ်ဆိုတာ သေချာပါတယ်။ သူ့အနေနဲ့ ဒီပုံစံကို ဆက်ထိန်းပြီး သွင်းဂိုးတွေအပြင် အခြားအရာတွေလည်း လုပ်ဖို့လိုအပ်ပါတယ်။ သူဟာ တခြားသူတွေလိုပဲ အသင်းကို ကူညီပြီး အသင်းရဲ့လူစာရင်းက ပိုပြီးကောင်းလာ မှာပါ”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က ပီအက်စ်ဂျီအသင်းကနေ အငှားနဲ့ရောက်ရှိလာခဲ့တဲ့ ကိုလိုမူအာနီဟာ ကိုမိုအသင်းနဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ၂ ဂိုး အပါအဝင် ဂျူဗင်တပ်စ်အသင်းအတွက် ကစားထားတဲ့ ၃ ပွဲမှာ ၅ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းမှာ ရုန်းကန်ခဲ့ရပေမယ့် ဂျူဗင်တပ်စ်အသင်းမှာ သူ့ရဲ့အကောင်းဆုံးပုံစံ တွေကို ပြသနေပြီး နည်းပြ သီယာဂိုမော့တာက သူဒီထက်ပိုပြီး ကောင်းအောင် လုပ်နိုင်တယ်လို့ ယုံကြည်နေ ပါတယ်။
ဂျူဗင်တပ်စ်အသင်း ယှဉ်ပြိုင်နေစဉ်
ကိုလိုမူအာနီကတော့ ကောင်းမွန်စွာ စတင်နိုင်မှုနဲ့အတူ ဂျူဗင်တပ်စ်အသင်းမှာ ရှိနေရတဲ့အတွက် အလွန် ပျော်ရွှင်ပြီး လာမယ့်ပွဲကိုလည်း အကောင်းဆုံးလုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်းဟာ ဒီနိုင်ပွဲကြောင့် စီးရီးအေပွဲစဉ် ၂၄ ပွဲ ကစားအပြီးမှာ ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာကို ယာယီတက်နိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ကြားရက်ထဲမှာ ချန်ပီယံလိဂ် ပလေးအော့ဖ်ပွဲစဉ် ပထမအကျော့အဖြစ် PSV အသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA