CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈

လက်စတာအသင်းဟာ FA ဖလား စတုတ္တအဆင့် ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီး နောက် လက်စတာအသင်းနည်းပြ နစ္စတယ်ရွိုင်းက သူတို့ဟာ လူကျွံဘောသွင်းဂိုးကြောင့် အရေးနိမ့်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

နစ္စတယ်ရွိုင်းက “ကျနော်တို့ဟာ ဖာဂီအချိန်မှာ အရေးနိမ့်တာ မဟုတ်ပါဘူး။ လူကျွံဘောဖြစ်ချိန်မှာ အရေးနိမ့်ခဲ့ တာပါ။ ပွဲက အမှားတစ်ခုနဲ့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ ရှင်းပါတယ်။ ဒီလိုရှုံးနိမ့်မှုမျိုးကို မလိုချင်ပါဘူး။ ဒါက လူကျွံဘောပါ။ ကျနော်တို့ဟာ အချိန်ပိုအထိ သွားဖို့ထိုက်တန်ပြီး ပင်နယ်တီကိုလည်း ရောက်ရှိသွားနိုင်ပါတယ်။ ဒီလို ဆုံးဖြတ်ချက်တွေဟာ လက်ခံဖို့ခက်ခဲတယ်”လို့ ပြောခဲ့တာပါ။ 

ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကို လက်ထောက်နည်းပြအဖြစ်နဲ့ ရောက်ရှိလာပြီး ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ် ရာထူးကနေ ထုတ်ပယ်ခံရချိန်မှာ ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ ဒီပွဲမှာ လက်စတာအသင်းနည်းပြအဖြစ်နဲ့ အသင်းဟောင်းကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ လက်စတာအသင်းဟာ ရိဒ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်းအတွက် ဇက်ခ်ဇီက ချေပဂိုး၊ မက်ဂွဲယားက အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။ 

ယူနိုက်တက် လူကျွံဘောကနေ ဂိုးသွင်းနေစဉ်

မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၃ မိနစ်မှာ သွင်းယူခဲ့တဲ့ မက်ဂွဲယားရဲ့ သွင်းဂိုးကို အနှေးပြကွက်တွေနဲ့ ကြည့်ရှုခဲ့တာမှာ လူကျွံဘော ဖြစ်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။ 

ဒါပေမယ့် FA ဖလားပြိုင်ပွဲ စတုတ္ထအဆင့်မှာ VAR အသုံးမပြုတာကြောင့် မက်ဂွဲယားရဲ့ သွင်းဂိုးကို ကွင်းလယ်ဒိုင်က ဂိုးအဖြစ်ခွင့်ပြုခဲ့တာပါ။ 

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ FA ဖလား ချန်ပီယံဆုကို ကာကွယ်ဖို့ ပဉ္စမအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

လက်စတာအသင်းနည်းပြ နစ္စတယ်ရွိုင်းကတော့ ဒီသွင်းဂိုးကို ခွင့်ပြုခဲ့တဲ့အပေါ် အလွန်စိတ်ပျက်နေခဲ့တာပါ။ 

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က သူတို့ဟာ ဒီပွဲမှာ ရလဒ်ကောင်း ရခဲ့ပေမယ့် စွမ်းဆောင်ရည်ကတော့ ကောင်းမွန်မှု မရှိဘူးလို့ ဝန်ခံခဲ့ပါတယ်။ 

VAR ကိုလာမယ့် FA ဖလားပဉ္စမအဆင့်မှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

Source: Dailymail