CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇

ဘွန်ဒက်လီဂါကလပ် စတုဂတ်အသင်းဟာ နည်းပြဖြစ်သူ ဟိုးနက်စ်အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိနေတာကြောင့် ကိုမိုအသင်းကို ကိုင်တွယ်နေတဲ့ ဖာဘရီဂတ်စ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ပစ်မှတ်ထားနေပါ တယ်။ 

အသက် ၄၂ နှစ်အရွယ်ရှိ ဟိုးနက်စ်ဟာ စတုဂတ်အသင်းကို ရလဒ်ကောင်းတွေ ရယူပေးထားပေမယ့် နွေရာသီမှာ ထွက်ခွာဖွယ်ရှိတဲ့ အလားအလာအတွက် ဂျာမနီကလပ်က နည်းပြသစ်ရှာဖွေဖို့ပြင်ဆင်နေတာပါ။ 

စတုဂတ်အသင်းဟာ ဒီရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၅ နေရာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် ၁ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။ 

ဒေါ့မွန်၊လေဗာကူဆင်နဲ့ လိုက်ပ်ဇစ်အသင်းတို့ဟာ ဟိုးနက်စ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြတာပါ။ 

ဒါပေမယ့် ဒေါ့မွန်အသင်းဟာ မကြာသေးခင်က ကိုဗက်ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတာကြောင့် ဟိုးနက်စ် ကို စိတ်ဝင်စားတဲ့ အသင်းတစ်သင်း လျော့သွားခဲ့တာ ဖြစ်ပါတယ်။

ဂျာမန်သတင်းစာ BILD က စတုဂတ်အသင်းဟာ နွေရာသီမှာ နည်းပြဟိုးနက်စ် ထွက်ခွာသွားခဲ့ရင် သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြစာရင်းတွေကို ပြုစုထားတယ်လို့ ဖော်ပြထားတာပါ။ 

စတုဂတ်အသင်းရဲ့ နည်းပြစာရင်းထဲမှာ ကိုမိုအသင်းကို ကိုင်တွယ်နေတဲ့ ဖာဘရီဂတ်စ်က ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

စတုဂတ်အသင်း ယှဉ်ပြိုင်နေစဉ် 

ဖာဘရီဂတ်စ်ဟာ စီးရီးအေ တန်းတက် ကိုမိုအသင်းကို ကိုင်တွယ်နေတဲ့ ပထမဆုံးရာသီမှာ အမှတ်ပေးဇယား အဆင့် ၁၅ နေရာ ရပ်တည်အောင် ကိုင်တွယ်ပေးနေတာပါ။ 

ဖာဘရီဂတ်စ်ဟာ ပရီးမီးယားလိဂ် ကစားသမားဟောင်း ဒယ်လီအလီကို ကိုမိုအသင်းအတွက် ခေါ်ယူထားတာ ဖြစ်ပါတယ်။ 

ဖာဘရီဂတ်စ်နဲ့ ကိုမိုအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ် နွေရာသီအထိရှိနေပြီး စတုဂတ်အသင်း အနေနဲ့ ဖာဘရီဂတ်စ်ကို နည်းပြအဖြစ် ခန့်အပ်မယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေးပေးရမှာပါ။ 

ဒါပေမယ့် ကလပ်အသင်း တစ်သင်းက နည်းပြဟိုးနက်စ်နဲ့ စတုဂတ်အသင်းတို့ရဲ့ စာချုပ်ကို ချိုးဖောက်ခဲ့ရင် ဂျာမန်ကလပ်ဟာ ယူရို ၆ သန်းရရှိမှာဖြစ်လို့ ဖာဘရီဂတ်စ်အတွက် ကိုမိုအသင်းထံ စာချုပ်ဖျက်သိမ်းကြေးပေးဖို့ အခက်အခဲမရှိနိုင်ပါဘူး။ 

ဖာဘရီဂတ်စ်ကတော့ လက်ရှိအချိန်မှာ ကိုမိုအသင်းကို ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ဆက်ပြီးရှိနေဖို့ကိုသာ အာရုံစိုက်နေတာပါ။ 

ကိုမိုအသင်းဟာ ဒီတစ်ပတ် စီးရီးအေပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal