CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ 7
စပိန်နောက်ခံလူဟောင်း ရာမို့စ်ဟာ မက္ကဆီကိုကလပ် မွန်တာရေးအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ပြီး ၁ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ငယ်ဘဝကလပ် ဆီဗီလာအသင်းကနေ ထွက်ခွာခဲ့တဲ့ ပြီးခဲ့တဲ့ နွေရာသီကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တဲ့ ရာမို့စ်ဟာ အသင်းအများအပြားနဲ့ ချိတ်ဆက်ခဲ့ပေမယ့် ၇ လအကြာမှ အသင်းသစ်ရရှိခဲ့တာပါ။
မွန်တာရေးအသင်းမှာ ကျောနံပါတ် ၉၃ ဝတ်ဆင်သွားမယ့် ရာမို့စ်ဟာ အသင်းရဲ့ အပြာရောင်နဲ့ အဖြူရောင်ဂျာစီကို ကာကွယ်မှုတွေပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မက္ကဆီကိုကလပ်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
၂၀၀၃-၀၄ ရာသီမှာ ဆီဗီလာအသင်းနဲ့ ပွဲဦးထွက်ခဲ့တဲ့ ရာမို့စ်ဟာ ၂ နှစ်အကြာမှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ ခဲ့ပြီး လာလီဂါဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၂၂ ခုအထိ ရယူနိုင်ခဲ့တာပါ။
ရာမို့စ်ကို တွေ့ရစဉ်
ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ဆီဗီလာအသင်းထံ မပြန်ခင် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှာ ၂ ရာသီကြာ ကစားခဲ့ပြီး လီဂူး-၁ ဖလား ၂ ကြိမ် အပါအဝင် ဆုဖလားအချို့ကို ရယူနိုင်ခဲ့ပါတယ်။
စပိန်လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံး ကစားထားတဲ့ ရာမို့်စ်ဟာ နိုင်ငံအသင်းနဲ့အတူ ဥရောပဖလား ၂ ကြိမ်၊ ကမ္ဘာ့ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ နိုင်ငံအသင်းကနေ အနားယူကြောင်း ကြေညာခဲ့တာပါ။
မွန်တာရေးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ နီကာဇာအသင်းနဲ့ မက္ကဆီကိုလိဂ်၊ ဖော်ဂီအသင်းနဲ့ ကွန်ကာကပ်ဖ် ချန်ပီယံဖလား ပြိုင်ပွဲတွေမှာ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
မွန်တာရေးအသင်းဟာ ဖေဖော်ဝါရီ ၉ ရက်မှာ မက္ကဆီကိုလိဂ် ပွဲစဉ်ယှဉ်ပြိုင်ဖို့ရှိနေပြီး ဒီပွဲမှာ ရာမို့စ်ပွဲဦးထွက် အဖြစ် ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။
Source:CNA