CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ဗလင်စီယာအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ကိုပါဒယ်ရေးဖလား ကွာတားဖိုင်နယ်ပွဲစဉ်က အသင်းရဲ့ တိုက်စစ်စွမ်းရည်ကို ကျေနပ်ကြောင်း ပြောခဲ့ပါတယ်။ 

ဟန်ဆီဖလစ်က “ဒါက အံ့သြစရာကောင်းပြီး ကျနော်တို့ ကစားချင်နေတဲ့ပုံစံပါ။ အသင်းဟာ ဆာလောင်မှုရှိပြီး ဂိုးသွင်းယူပြီးတိုင်း နောက်ထပ်ဂိုးတွေ သွင်းနိုင်ဖို့ ထပ်လုပ်ပါတယ်။ ဒါဟာ ကျနော်တို့လိုချင်တဲ့ စည်းချက်နဲ့ လိုက်လျောညီထွေမှုရှိအောင် ဘယ်လိုကစားရမလဲဆိုတာ သင်ယူထားတဲ့ လူငယ်အသင်းဖြစ်ပြီး သူတို့ဟာ ဂိုးတွေသွင်းနိုင်ဖို့ကို အမြဲတမ်းအာရုံစိုက်နေပါတယ်။ အသင်းရဲ့ကစားပုံကို ကျနော်အလွန်ကျေနပ်တယ်”လို့ ပြောခဲ့တာပါ။

ဒီပွဲမှာ ဘာစီလိုနာအသင်းအတွက် ဂိုးတွေကို ဖာရန်တောရက်စ်က ဟက်ထရစ်၊ ဖာမင်လိုပက်ဇ်နဲ့ ယာမဲလ်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်း ကစားသမားတွေကို တွေ့ရစဉ်

ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ဒီဇင်ဘာ ၂၂ ရက်က အသလက်တီကို အသင်းကို အရေးနိမ့်ပြီးကတည်းက နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိ ရလဒ်ကောင်းတွေ ရရှိထားတာပါ။

ဘာစီလိုနာအသင်းဟာ ဒီရာသီပြိုင်ပွဲစုံ ၃၅ ပွဲ ကစားအပြီးမှာ ၁၀၉ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၁၁၀ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီအသင်းရဲ့ တိုက်စစ်ပိုင်းဟာ ပိုပြီးအားကောင်းလာခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ နှစ်ကျော့ကစားရမယ့် ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ်ကို ရီးရယ်လ်၊ အသလက်တီကို၊ ဆိုစီဒက်အသင်းတို့နဲ့အတူ တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် အဆင့်အတွက် မဲခွဲမှုကို ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြုလုပ်သွားမှာပါ။

လာလီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၃ နေရာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ ဖေဖော်ဝါရီ ၁၀ ရက် မှာ လိဂ်ပွဲစဉ်အဖြစ် ဆီဗီလာအသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: CNA