CNI International News
ဘာမာကို၊ ဇွန်လ ၁၆
မာလီနိုင်ငံ၏ ဝန်ကြီးများကောင်စီက စစ်အစိုးရအဖွဲ့ အကြီးအကဲကို နောက်ထပ် အာဏာ ၅ နှစ်သက်တမ်း ထပ်တိုးပေးထားသည့် အငြင်းပွားဖွယ် ဥပဒေမူကြမ်းကို ဇွန်လ ၁၁ ရက်က အတည်ပြုပေးခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့သည့် အနောက်အာဖရိကနိုင်ငံဖြစ်သော မာလီကို ဗိုလ်ချုပ်ကြီး အက်စီမီ ဂွိုက်တာ (Assimi Goita) က ဦးဆောင်နေခြင်းဖြစ်သည်။
အစိုးရ၏ ထုတ်ပြန်ချက်အရ ထိုဥပဒေကြမ်းသည် နိုင်ငံ့အကြီးအကဲအား ၂၀၂၅ ခုနှစ်မှ စတင်ပြီး ၅ နှစ် သက်တမ်း တိုးနိုင်သည့် လုပ်ပိုင်ခွင့်များ ပေးအပ်ထားပြီး အသွင်ကူးပြောင်းရေးပဋိဉာဉ်ကို ပြန်လည်ပြုပြင်ရေးဆွဲခွင့် ရရှိလိမ့် မည်ဟု ဖော်ပြထားသည်။
ထိုဥပဒေမူကြမ်းကို ဧပြီလအတွင်းက စစ်အစိုးရက ဖွဲ့စည်းခဲ့သည့် အမျိုးသားဆွေးနွေးပွဲ အတိုင်ပင်ခံအဖွဲ့၏ အတည်ပြု ထောက်ခံချက်များဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မာလီစစ်သည်တွေကို တွေ့ရစဉ်
လက်ရှိတွင် ထိုဥပဒေမူကြမ်းသည် အသွင်းကူးပြောင်းရေးကို ကြီးကြပ်နေသည့် လွှတ်တော်ပုံစံကဲ့သို့ တာဝန်ယူ ဆောင်ရွက်နေသော အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ၏ အတည်ပြုချက်ကိုသာ လိုအပ်မည်ဖြစ်သည်။
မေလအစောပိုင်းက ဗိုလ်ချုပ်ကြီး ဂွိုက်တာသည် နိုင်ငံရေးပါတီများ ဖျက်သိမ်းရန် အမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
ထိုအမိန့် ထုတ်ပြန်ချိန်က ဘာမာကို (Bamako) မြို့တော်အတွင်း ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူများ ပြန်ပေးဆွဲ ဖမ်းဆီးခံနေရသည့် အချိန်နှင့် တိုက်ဆိုင်နေသဖြင့် စစ်အစိုးရအပေါ် မေးခွန်းထုတ်ခဲ့ကြသည်။
ဆာဟယ် (Sahel) ဒေသ၏ ကုန်းတွင်းပိတ် နိုင်ငံဖြစ်သော မာလီတွင် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် အနောက်အာဖရိကနှင့် ဗဟိုအာဖရိကဒေသများကိုပါ ဂယက်ရိုက်ခတ်ခဲ့သည်။
မာလီတွင် ၂၀၂၀ ပြည့်နှစ်ကစပြီး အယ်ကေဒါနှင့် အိုင်အက်စ်အဖွဲ့တို့နှင့် ဆက်နွှယ်နေသည့် ဂျီဟတ်အဖွဲ့များ၏ သောင်းကျန်းမှုများ မြင့်တက်ခဲ့သဖြင့် အာဏာသိမ်းမှု ၂ ကြိမ်ဖြစ်ပွားခဲ့သည်။
စစ်အစိုးရက ၂၀၂၄ ခုနှစ်၊ မတ်လတွင် အရပ်ဖက်အုပ်ချုပ်ရေးသို့ ပြန်လည်လွှဲပြောင်းပေးမည်ဟု ကတိပြုခဲ့ သော်လည်း နောက်ပိုင်း၌ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခဲ့ကာ ရွေးကောက်ပွဲ ပြုလုပ်မည့်ရက်ကိုလည်း ယခု အချိန်အထိ သတ်မှတ်ရခြင်းမရှိသေးပေ။
Source: အေပီ