CNI International News

ဝါရှင်တန်၊ ဇွန်လ ၁၆

ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် ဇွန်လ ၁၄ ရက်က မိနစ် ၅၀ ကြာ ဖုန်းပြောခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်နေသည့် အခြေအနေနှင့် ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများအကြောင်းကို ဆွေးနွေးခဲ့သည်ဟု ပူတင်၏ နိုင်ငံခြားရေးရာ အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ် (Yuri Ushakov) က ပြောကြားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ဖုန်းပြောဆိုမှုအတွင်း ပူတင်က သူသည် မကြာသေးမီက အီရန်၊ အစ္စရေး ခေါင်းဆောင်များနှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့ကြောင်း၊ အီရန်နျူကလီးယားပြဿနာကို အပြန်အလှန် လက်သင့်ခံနိုင်သည့် နည်းလမ်းများဖြင့် ဖြေရှင်း ရန် ရုရှား၏ အဆိုပြုချက်ကို ထရမ့်အား ပြောကြားခဲ့သည်။

“အရှေ့အလယ်ပိုင်းဒေသက အန္တရာယ်တွေ မြင့်တက်လာတဲ့ အခြေအနေဟာ အပြန်အလှန် ထားရှိတဲ့ သဘော ထားတွေကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်”ဟု အူရှာကော့ဗ်က သတင်းထောက်များကို ပြောကြားခဲ့ သည်။

အီရန်ထောက်ခံသူများကို တွေ့ရစဉ်

“ဗလာဒီမာပူတင်ဟာ အီရန်ကို စစ်ဆင်ရေး ပြုလုပ်တာကို ရှုတ်ချခဲ့ပြီး ပဋိပက္ခ မြင့်တက်လာနိုင်တဲ့ အလားအလာ ကို အရမ်းစိုးရိမ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသက အခြေအနေ အလုံးစုံအတွက် မမျှော်မှန်းနိုင် တဲ့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရုရှားသည် ကြားဝင်စေ့စပ်ပေးရန် အသင့်ရှိကြောင်း၊ အမေရိကန်-အီရန် နျူကလီးယား ဆွေးနွေးညှိနှိုင်းမှုများ အတွင်း အပြန်အလှန် လက်ခံနိုင်လောက်သည့် သဘောတူညီချက်များကို ရယူရန် အဆိုပြုကြောင်း ပူတင်က ပြောကြားခဲ့သည်။

“ပြဿနာတွေ ဖြေရှင်းဖို့အတွက် ရုရှားရဲ့ အခြေခံကျတဲ့ ချဉ်းကပ်လုပ်ဆောင်ပုံဟာ မပြောင်းလဲဘဲ တစ်သမတ် တည်း တည်ရှိနေပါတယ်” ဟု အူရှာကော့ဗ်က ပြောကြားခဲ့သည်။

Source: South China Morning Post