CNI International News
ဝါရှင်တန်၊ ဇွန်လ ၁၆
အမေရိကန်နိုင်ငံတွင် အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ နိုင်ငံအနှံ့ဖြစ်ပွား နေစဉ်မှာပဲ ဇွန်လ ၁၄ ရက်က သမ္မတဒေါ်နယ်ထရမ့်(Donald Trump)သည် အမေရိကန်စစ်တပ် ထူထောင်သည့် နှစ်ပေါင်း ၂၅၀ ပြည့် နှစ်ပတ်လည်အဖြစ် ဝါရှင်တန်မြို့တော်၌ စစ်ရေးပြ အခမ်းအနားအား ပြုလုပ်ခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။
စစ်ရေးပြ အခမ်းအနား ပြုလုပ်သည့် နေ့သည် ထရမ့်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့နှင့်လည်း တိုက်ဆိုင်ခဲ့သည်။
စစ်ရေးပြ အခမ်းအနား မပြုလုပ်မီ နယူးယောက်၊ ဖီလာဒဲဖီးယား၊ ဟောက်စတန်နှင့် အတ္တလန္တာမြို့များ အပါအဝင် အမေရိကန်၏ မြို့များတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ထရမ့်သည် အာဏာရှင်ကဲ့သို့ ပြုမူနေကြောင်း ဆန္ဒပြသူများ က ပြောကြားခဲ့သည်။
ထိုနေ့ အစောပိုင်းကလည်း မင်နီဆိုးတားပြည်နယ်တွင် သေနတ်သမားတစ်ဦးသည် ဒီမိုကရက်တစ် လွှတ်တော် အမတ်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
သို့သော် သေနတ်သမားသည် လွတ်မြောက်နေဆဲ ဖြစ်သည်။
ယခုပြုလုပ်သည့် စစ်ရေးပြ အခမ်းအနားအတွက် ဒေါ်လာ ၄၅ သန်း ကုန်ကျခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့ပြီး ထိုစစ်ရေးပြ အခမ်းအနားကို မျိုးချစ်ပုဂ္ဂိုလ်များ ၂၅၀,၀၀၀ ကျော် တက်ရောက်ခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
အမေရိကန်ရဲ့ စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
“ကမ္ဘာပေါ်က အခြားနိုင်ငံတွေဟာ သူတို့ရဲ့ အောင်ပွဲတွေအတွက် စစ်ရေးပြ အခမ်းအနားတွေ ပြုလုပ်ကြပါတယ်။ ဒီအချိန်ကတော့ အမေရိကန်က စစ်ရေးပြ အခမ်းအနား ပြုလုပ်ရမယ့် အချိန်ဖြစ်ပါတယ်” ဟု ထရမ့်က ပြောကြား ခဲ့သည်။
ထရမ့်သည် ၎င်း၏ ပထမသက်တမ်း ကတည်းက ကြီးကျယ်ခမ်းနားသည့် စစ်ရေးပြ အခမ်းအနား ပြုလုပ်လို ကြောင်း ပြောကြားခဲ့ပြီး ထိုကဲ့သို့ စစ်ရေးပြ အခမ်းအနားများသည် ရုရှားနှင့် မြောက်ကိုရီးယားတို့တွင် နှစ်စဉ် ပြုလုပ်လေ့ရှိသည်။
အမေရိကန်တွင် နောက်ဆုံးအကြိမ် စစ်ရေးပြ အခမ်းအနားကို ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲအပြီး၌ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး ယခုစစ်ရေးပြ အခမ်းအနားသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် စစ်ရေးပြ အခမ်းအနား ဖြစ်သည်။
ထရမ့်သည် ပြည်တွင်းနှင့် နိုင်ငံတကာ စင်မြင့်ထက်တွင် ၎င်းဩဇာအာဏာကို အခိုင်အမာ တည်ဆောက်နေချိန်၌ ထိုကဲ့သို့ စစ်ရေးပြ အခမ်းအနား ပြုလုပ်ပြီး အင်အားပြခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
Source: CAN