CNI International News
ဂျေရုဆလင်၊ ဇွန်လ ၁၆
အစ္စရေးနှင့် အီရန်တို့ကြား လတ်တလော ဖြစ်ပွားနေသော စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသကို အကျပ်အတည်း ပိုမိုဖြစ်စေခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့ သည်။
အစ္စရေးသည် ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းက အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကလည်း ဒုံးကျည်များ ဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အစ္စရေးတွင် သေဆုံးသူ ၁၃ ဦးအထိ ရှိလာခဲ့သည်။
ထို့နောက် အစ္စရေးနှင့် အီရန်ကြား ဇွန်လ ၁၅ ရက်က အပြန်အလှန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကာကွယ်ရေး အဆောက်အအုံများ၊ လောင်စာသိုလှောင်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်လာကာ ထိပ်တိုက် တွေ့မှုသည် သမိုင်းတစ်လျှောက် အပြင်းအထန်ဆုံး အခြေအနေ ဖြစ်လာခဲ့သည်။
အီရန်၏ မြို့တော် တီဟီရန်တွင်လည်း အစ္စရေး တိုက်လေယာဉ်တစ်စင်းက လောင်စာသိုလှောင်ရုံ ၂ ရုံကို တိုက်ခိုက်ခဲ့သဖြင့် မီးခိုးလုံးများ ထွက်ပေါ်နေသည်ကို မြင်တွေ့ရသည်။
ယခုရက်ပိုင်းအတွင်း အီရန်နိုင်ငံသားများသည် ဓာတ်ဆီဆိုင်များတွင် ဆီရရန် တန်းစီစောင့်ဆိုင်း နေရသဖြင့် လောင်စာ ပြတ်လပ်မည့် အခြေအနေကို စိုးရိမ်နေကြသည်။
ဒုံးကျည်ပစ်လွှတ်နေကြစဉ်
အီရန်၏ အစ္စဖာဟန် ( Isfahan) မြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆက်နွှယ်မှုရှိသည့် အဆောက်အအုံတစ်ခုကို အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ အမေရိကန်သည် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများနှင့် ပတ်သက်မှုမရှိကြောင်း ဇွန်လ ၁၅ ရက်က ပြောကြားခဲ့သည်။
သို့သော် အီရန်အနေဖြင့် အမေရိကန်၏ အကျိုးစီးပွားများကို တိုက်ခိုက်မည်ဆိုပါက အမေရိကန်စစ်တပ်၏ အင်အားအပြည့်အဝနှင့် စွမ်းဆောင်ရည် အပြည့်အဝကို မြင်တွေ့ရလိမ့်မည်ဖြစ်ကြောင်း ထရမ့်က ၎င်း၏ Truth Social မီဒီယာတွင် ရေးသားခဲ့သည်။
“အီရန်နဲ့ အစ္စရေးကြား သွေးစွန်းတဲ့ ပဋိပက္ခကို ရပ်တန့်ပြီး သဘောတူညီမှု ရရှိစေဖို့ ကျနော်တို့ လွယ်လွယ်လေးနဲ့ လုပ်ဆောင်နိုင်ပါတယ်” ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေးနှင့် ဟားမာ့စ်ကြား ဖြစ်ပွားနေသော စစ်ပွဲ အပါအဝင် ဆီးရီးယားသမ္မတ အာဆတ်ကို သူပုန်တပ်ဖွဲ့များက ဖြုတ်ချခြင်းကြောင့် အကျပ်အတည်းဖြစ်ပေါ်နေစဉ် အစ္စရေးနှင့် အီရန်ကြား စစ်ပွဲက အရှေ့အလယ်ပိုင်းဒေသ အကျပ်အတည်းကို ပိုမိုဖြစ်ပေါ်လာစေခဲ့သည်ဟု ကျွမ်းကျင်သူများက ထောက် ပြကြသည်။
Source: South China Morning Post