CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇
ရီးရယ်လ်နဲ့ ဝေးလ်စ်ကြယ်ပွင့်ဟောင်း ဂါရတ်ဘေးလ်ဟာ လိဂ်ဝမ်းကလပ် ပလိုင်းမောက်အသင်းကို ဝယ်ယူဖို့ အမေရိကန်အခြေစိုက် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစုရဲ့ကြိုးပမ်းမှုမှာ အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့ပါတယ်။
ပလိုင်းမောက်အသင်းကို ဝယ်ယူဖို့အတွက် ဆွေးနွေးမှုတွေဟာ အစောပိုင်းအဆင့်မှာသာ ရှိနေသေးတာပါ။
ပလိုင်းမောက်အသင်းဟာ ကလပ်အသင်းရဲ့ ရှယ်ယာတွေကို ရောင်းချဖို့အတွက် အရင်သဘောတူညီမှုဟာ ပြီးခဲ့တဲ့လက ပျက်ပြယ်သွားခဲ့တဲ့အတွက် အသင်းပိုင်ရှင် ဆိုင်မွန်ဟာ ရင်းနှီးမြုပ်နှံမှုအသစ်အတွက် လမ်းဖွင့်မှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဂါရတ်ဘေးလ်ရဲ့ ရီးရယ်လ်အသင်းဖော်ဟောင်း မိုဒရစ်ဟာ အခုနှစ် ဧပြီထဲမှာ ဆွမ်ဆီးအသင်းရဲ့ အစုရှယ်ယာ အနည်းစုကို ရယူနိုင်ခဲ့ပြီး ပူးတွဲပိုင်ရှင်နဲ့ ရင်းနှီးမြုပ်နှံသူဖြစ်လာခဲ့တာပါ။
အဲဒါကြောင့် ဂါရတ်ဘေးလ်ဟာ အသင်းဖော်ဟောင်း မိုဒရစ်လို အင်္ဂလန် အောက်တန်းလိဂ် အသင်းတစ်သင်းရဲ့ ပိုင်ရှင်အစိတ်အပိုင်းထဲမှာ ပါဝင်ဖို့ လုပ်ဆောင်နေတာပါ။
ပလိုင်းမောက်အသင်းကို ဝယ်ယူမှု အောင်မြင်ခဲ့ရင် ဂါရတ်ဘေးလ်ဟာ လိဂ်ဝမ်းအသင်းရဲ့ ဘယ်အခန်းကဏ္ဍမှာ ပါဝင်မလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပလိုင်းမောက်အသင်းကို တွေ့ရစဉ်
ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ၅ ကြိမ် ရယူနိုင်ခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ ၂၀၂၃ ခုနှစ်က ကစားသမားဘဝ ကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။
ပလိုင်းမောက်အသင်းဟာ ပြီးခဲ့တဲ့ ရာသီအစပိုင်းက ယူနိုက်တက်အသင်းဂန္ထဝင် ဝိန်းရွန်နီကို နည်းပြအဖြစ် ခန့်အပ်ကာ အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်ပေးဖို့ မျှော်လင့်ခဲ့ပေမယ့် ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခဲ့တာပါ။
ပလိုင်းမောက်အသင်းဟာ ဝိန်းရွန်နီရဲ့ နေရာမှာ မူစလစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပေမယ့် အသင်းဟာ ရာသီကုန်မှာ ချန်ပီယံရှစ်ကနေ လိဂ်ဝမ်းထံ တန်းဆင်းခဲ့တာကြောင့် သူဟာ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပါ တယ်။
ပလိုင်းမောက်အသင်းဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်း ကွင်းလယ်လူဟောင်း ကလီဗာလေကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတာဖြစ်ပါတယ်။
Source: BBC