CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇

နွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းကနေ ထွက်ခွာမယ့် အင်္ဂလန်နောက်ခံလူ ဝေါ်လ်ကာဟာ အဲဗာတန်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

ဝေါ်လ်ကာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာပါ။

ဝေါ်လ်ကာဟာ ပြီးခဲ့တဲ့ရာသီက နည်းပြဂွာဒီယိုလာရဲ့လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အေစီမီလန်အသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 

အေစီမီလန်အသင်းဟာ အစောပိုင်းက ဝေါ်လ်ကာကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် နောက်ပိုင်းမှာ သူတို့ရဲ့စိတ်ဝင်စားမှုကို အဆုံးသတ်ခဲ့တာပါ။ 

ဝေါ်လ်ကာကို တွေ့ရစဉ်

မန်စီးတီးအသင်းဟာ ဝေါ်လ်ကာကို ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေတဲ့ အသင်းလူစာရင်းမှာ ချန်လှပ်ခဲ့ပြီး နွေရာသီမှာ အပြီးသတ်ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

ဒီအချိန်မှာ The Sun က ဝေါ်လ်ကာဟာ အဲဗာတန်အသင်းထံ တစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတယ်လို့ ဖော်ပြထားတာပါ။ 

ဝေါ်လ်ကာကို ခေါ်ယူဖို့ ဖီနာဘာချီအသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ကလည်း စိတ်ဝင်စားနေပေမယ့် အဲဗာတန်အသင်း ဟာ ဒီပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တာပါ။

အဲဗာတန်အသင်းဟာ ဝေါ်လ်ကာကို အပြီးသတ် ဒါမှမဟုတ် အငှားနဲ့ ခေါ်ယူဖို့ မန်စီးတီးအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ 

ဝေါ်လ်ကာဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၀၀ ပြည့်ဖို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်း အတွက် ပါဝင်ကစားဖို့ ဆန္ဒရှိနေတာပါ။ 

အဲဒါကြောင့် ဝေါ်လ်ကာက အဲဗာတန်အသင်းကို ပြောင်းရွှေ့ပြီး နည်းပြဒေးဗစ်မိုယက်စ် လက်အောက်မှာ တစ်ရာသီလုံး ပုံမှန်ပါဝင်ကစားခွင့် ရမယ်ဆိုရင် အင်္ဂလန်အသင်းအတွက် ပါဝင်ချင်တဲ့ အခွင့်အရေးကို ရရှိမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ 

Source: metro