CNI International News

ဟောင်ကောင်၊ မေ ၂၉

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် မကြာခင်အချိန်အတွင်း တိုက်ခိုက်ဖွယ် မရှိကြောင်း ဗြိတိန်အခြေစိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့က သတိပေးခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

သို့သော်လည်း တိုက်ခိုက်နိုင်ခြေမရှိဟု သုံးသပ်၍မရကြောင်း ထိုပညာရှင်အဖွဲ့က ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ( Donald Trump) လက်ထက်တွင် အမေရိကန်နှင့် နားလည်မှုလွဲမှားခြင်း၊ အဆက်အသွယ်ပြတ်ခြင်း စသည်တို့သည် အန္တရာယ်များကြောင်း၊ တရုတ်သည် ထိုင်ဝမ်ကို မကြာခင် အချိန် အတွင်း တိုက်ခိုက်ဖွယ်မရှိဟု လန်ဒန်အခြေစိုက် နိုင်ငံတကာမဟာဗျူဟာလေ့လာရေးအင်စတီကျု (IISS) က သတိပေးခဲ့သည်။

အမေရိကန်-တရုတ် ဆက်ဆံရေးသည် ၂၁ ရာစုအတွင်း အတင်းမာဆုံး အခြေအနေ ရောက်ရှိနေသည်ဟုလည်း IISS က မေလ ၂၈ ရက်တွင် ထုတ်ပြန်သည့် အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေးခန့်မှန်းချက်၌ ဖော်ပြခဲ့သည်။

စင်္ကာပူနိုင်ငံတွင် စင်္ကာပူနှင့် IISS တို့ ပူးတွဲကျင်းပသည့် အာရှ၏ နှစ်ပတ်လည် ကာကွယ်ရေးညီလာခံဖြစ်သော Shangri-La Dialogue ညီလာခံမတိုင်မီ ထိုထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ် အလံကိုတွေ့ရစဉ်

အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေး၊ နည်းပညာနှင့် ထိုင်ဝမ်အရေးကဲ့သို့ အရေးကိစ္စများနှင့် ပတ်သက်ပြီး တင်းမာမှုများသည် အပြန်အလှန် ယုံကြည်မှုမရှိခြင်း၊ ဆွေးနွေးပွဲ ယန္တရားများ အားနည်းခြင်းတို့ကြောင့် ဖြစ်သည် ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယခင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရလက်ထက်က အမေရိကန်နှင့် တရုတ်ကြား စစ်တပ် အချင်းချင်း ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်မှု၊ နျူကလီးယားဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်မှုတွင် AI နည်းပညာကို ထည့်သွင်းခြင်းမပြုရန် သဘောတူညီမှု ရရှိခြင်းတို့ အပါအဝင်  နှစ်နိုင်ငံဆက်ဆံရေး အနည်းငယ် တိုးတက်ခဲ့ သည်ဟု ဆိုသည်။

သို့သော် ထရမ့်၏ ဒုတိယသက်တမ်းအတွင်း အင်အားကြီး နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဦးတည်ချက်သည် သိသိသာသာ ပြောင်းလဲသွားဖွယ်မရှိကြောင်း IISS က ပြောကြားခဲ့သည်။

“ထရမ့်ရဲ့ ပထမသက်တမ်းဖြစ်တဲ့ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ကြား အမေရိကန်ဟာ သူ့ရဲ့ ပထမဆုံး အင်ဒို-ပစိဖိတ် မဟာဗျူဟာကို ၂၀၁၇ ခုနှစ်မှာ စတင် လုပ်ဆောင်ခဲ့ပါတယ်။ အင်ဒို-ပစိဖိတ်ဟာ အမေရိကန်ရဲ့ ဦးစား ပေးဒေသ ဖြစ်လာတယ်ဆိုတာ ရှင်းလင်းစွာ ပြသခဲ့ပါတယ်။ အဲဒီဒေသမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုက အမေရိကန်နှင့် ဒေသတွင်း အခြားနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို လျော့ကျစေတာကို အသိအမှတ်ပြုတဲ့ အနေနဲ့ အဲဒီမဟာဗျူဟာကို ကျင့်သုံးခဲ့တာဖြစ်ပါတယ်” ဟု IISS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: South China Morning Post