CNI News

၂၀၂၅ ခုနှစ်၊ မေလ ၂၈

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်သည့် မလေးရှားအနေဖြင့် အခြားအလှည့်ကျ အာဆီယံ နိုင်ငံများထက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို အရွေ့တစ်ခု ပိုရောက်အောင် တွန်းနိုင်မလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံ ရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟက်ဆန်က မလေးရှားအနေဖြင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွင် ပါဝင်နေသည့် သက်ဆိုင်ရာ အတိုက်အခံ အဖွဲ့အစည်းများ၏ သဘောထားများကို သိရှိပြီးဖြစ်ကြောင်း မေလ ၂၅ ရက်၌ ပြုလုပ်သည့် မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးပွဲအပြီးတွင် ပြောကြား ခဲ့သည်။

သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများ၏ သဘောဆန္ဒကို သိရှိပြီး ထိုအကြောင်းအရာကို နစကထံ လာရောက် ပြောပြ၍ နစက၏ တုံ့ပြန်မှုအပေါ် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခင် အာဆီယံအလှည့်ကျ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက မလေးရှားနိုင်ငံသည် ပို၍ထင်သာမြင်သာ ရှိသည့်အပြင် တွန်းတွန်းတိုက်တိုက်လည်း ရှိသောကြောင့် ၄ နှစ်ကျော်ကြာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအတွက် အားပြုစရာ တစ်ခုအဖြစ် မျှော်လင့်ကြောင်း 7 EAOs Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်

၎င်းက “သက်ဆိုင်သူ အားလုံးပါဝင်တဲ့ စကားပြော အခင်းအကျင်း ပေါ်ပေါ်က်လာဖို့အတွက် မလေးရှားနိုင်ငံရဲ့ ကြိုးပမ်း ဆောင်ရွက်မှုကတော့ ပြီးခဲ့တဲ့ အလှည့်ကျ ကိုယ်စားလှယ်တွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီးတွန်းတွန်းတိုက်တိုက်  ရှိလာတယ်။ ပိုပြီးတော့ ထင်သာမြင်သာ ရှိလာတဲ့အပေါ်မှာ အဲဒီကနေ အစပြုပြီးမှ တစ်ခုအနေနဲ့ အားပြုပြီးတော့ စေ့စပ်ဆောင်ရွက်နိုင်မယ့် အခင်းအကျင်းတွေ ပေါ်ပေါက်လာဖို့အတွက် လမ်းစပြုနိုင်ဖို့ အခင်းအကျင်း ပေါ်ပေါက် လာဖို့ မျှော်လင့်ချင်ပါတယ်။ ကျနော်တို့ လူတွေ ကိုယ်တိုင်လုပ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခပေါ့ အဲဒါကို လူတွေ ကနေ ပြန်လည်ပြီးတော့ လျှော့ချနိုင်ဖို့ ပြေပျောက်နိုင်ဖို့အတွက်က အခုလိုမျိုး နိုင်ငံတကာတွေရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှု ရှိလာတဲ့အချိန်မှာ မလေးရှားက အလှည့်ကျ ကိုယ်စားလှယ်ကနေ ထွန်းထွန်းပေါက်ပေါက် ဖြစ်လာ တဲ့ အချိန်မှာကတော့ မျှော်လင့်တော့ မျှော်လင့်တာပေါ့။ သို့သော် ကျနော်တို့ရဲ့ အခြေအနေက တော်တော်လေး ကို ခက်ခဲနက်နဲတဲ့ အခြေအနေဖြစ်တဲ့ အတွက်ကြောင့် တစ်ခုချင်းလုပ်ဖို့ကြ အခက်အခဲရှိမယ်။ သို့သော်လည်း အဲဒီတစ်ပုဒ်ချင်း ကျနော်တို့ ကျော်လွှားနိုင်မယ့် အခက်အခဲတွေ၊ အကျပ်အတည်းတွေ အတွက်ကတော့ ဒါအစပျိုး မှု တစ်ခုပဲလို့ အားပြုစရာ အကောင်းမြင်လို့တော့ မရှိမဲ့ ရှိမဲ့ အခြေအနေမှာ မျှော်လင့်ချင်တာပေါ့” ဟု ပြောသည်။

မလေးရှားသည် ကွာလာလမ်ပူက အာဆီယံ အစည်းအဝေးပွဲများ မတိုင်ခင်တွင် မြန်မာနိုင်ငံဘက်မှ NCA ထိုးထား သည့် လက်နက်ကိုင်အဖွဲ့များအပြင် KNU, KNPP, CNF, ABSDF အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံထားသည်။

နစကဥက္ကဋ္ဌ၊ ထိုင်း-မလေးရှား နိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ရစဉ်

ထို့ပြင် မေလ ၂၆ ရက်က စတင်ကျင်းပသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးပွဲ ပထမနေ့တွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး တိုးတက်မှု တစ်စုံတစ်ရာရပြီဟု မလေးရှား ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သည်။

မည်သည့် တိုးတက်မှုမျိုး ရသည်ကို အသေးစိတ် ပြောဆိုသွားခြင်း မရှိခဲ့ပေ။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံဖြစ်သည့် မလေးရှားအနေဖြင့် လုပ်ငန်းတာဝန်များကို ဆက်လက် လုပ်ဆောင် နေမှာဖြစ်ပြီး ထိရောက်မှုရှိမှာ မဟုတ်ကြောင်း၊ ၎င်း၏ လာရောက်ပြောဆိုမှုကို နားထောင်ရန်မှာ နစကဥက္ကဋ္ဌ တစ်ဦးတည်းဖြင့် မရကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “engagement ကို သူက continue ဆက်လုပ်နေမှာပဲ ဒါပါပဲ။ အဲဒါက ဘာမှ သိပ်ပြီးထိရောက်မှာလည်း မဟုတ်ဘူး။ ဒီကလည်း နားထောင်မှာလည်း မဟုတ်ဘူး။ ဒီကနားထောင်ဖို့ဆိုတာက ဒီကခေါင်းဆောင် တစ်ယောက်တည်း တပ်မတော်ခေါင်းဆောင် တစ်ယောက်တည်းနဲ့ မရဘူးလေ။ သူ့အပေါ်မှာ အရောင်ထင်နေတဲ့ နိုင်ငံရေး နောက်ခံတွေက အများကြီးရှိတာပေါ့။ ပါတီတွေရှိတယ်။ public opinion ရှိတယ်။ လူထုရဲ့ သဘောထား ရှိတယ်။ ဒါတွေက အများကြီး ထည့်စဉ်းစားမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါက နောက်အစိုးရ တက်ပြီဆို လူထု အစိုးရ တက်လာတော့မှ ရွေးကောက်ပွဲပြီးမှပဲ ဒါတွေက ထိရောက်မယ့် သဘောရှိတယ်။ အခုသူကတော့ လာပြော တဲ့ သဘောပဲ ရှိမှာပဲ။ ဘာမှဒါက လုပ်လို့မရဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေး တိုးချဲ့ရန်လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထားသည်။

ထို့ပြင် ၂ ရက်ကြာ ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွင် နစကအနေဖြင့် ၎င်းတို့ကိုယ်တိုင် သဘောတူထားသည့် အချက် ၅ ချက်ကို လိုက်နာရမည်ဖြစ်ကြောင်း မလေးရှားဘက်မှ ပြောကြားခဲ့သလို မြန်မာနိုင်ငံထဲမှ လက်နက်ကိုင် ပဋိပက္ခများ ရပ်ရန် ကြေညာချက် ထုတ်ခဲ့ကြောင်း သိရသည်။