CNI International News

မော်စကို၊ မေလ ၂၇

ရုရှားက ယူကရိန်းကို ပြင်းထန်သည့် ဒရုန်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump )က ရုရှားသမ္မတ ပူတင်(Vladimir Putin)ကို ရူးသွပ်နေသူဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အိပ်ပျော်နေသော ယူကရိန်းနိုင်ငံသားများသည် သုံးညဆက်တိုက် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုနှင့် လန့်နိုးခဲ့ရသောကြောင့် ထရမ့်က Truth Social ပေါ်၌ ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှားသည် ယူကရိန်းကို ညအချိန်တွင် ဒရုန်း ၃၅၅ စင်းနှင့် ခရုစ်ဒုံးကျည် ၉ စင်းတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။

“ပူတင်က တစ်ခုခုတော့ ဖြစ်နေပြီ။ သူက လုံးဝရူးသွပ်သွားတာပဲ”ဟု ထရမ့်က Truth Social တွင် ရုရှားက ယူကရိန်းကို လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို ရည်ညွှန်းပြီး ရေးသားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

“သူက ယူကရိန်းရဲ့ အစိတ်အပိုင်းကို လိုချင်တာမဟုတ်ဘဲ တစ်နိုင်ငံလုံးကို လိုချင်တာပါလို့ ကျနော် အမြဲပြောလေ့ ရှိပါတယ်။ ကျနော် ပြောတဲ့စကားက မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမဲ့ သူက ယူကရိန်းတစ်နိုင်ငံလုံးကို ရအောင် လုပ်မယ်ဆိုရင် ဒါက ရုရှားရဲ့ ကျဆုံးခန်းဆီ ဦးတည်သွားပါလိမ့်မယ်”ဟု ထရမ့်က ပြောသည်။

ပူတင်ကို မကြာခဏ ချီးကျူးပြောကြားခဲ့သော ထရမ့်၏ ယခုမှတ်ချက်စကားသည် ပူတင်ကို ရှားရှားပါးပါး ပြစ်တင်ကြိမ်းမောင်းမှုဖြစ်ခဲ့သည်။

ထို့ပြင် ထရမ့်က ယူကရိန်းသမ္မတ ဇာလန်းစကီး(Zelenskiy) ကိုလည်း ဝေဖန်ခဲ့သည်။

ဇာလန်းစကီးအနေဖြင့် စကားများ လျှောက်ပြောနေခြင်းသည် ယူကရိန်းနိုင်ငံကို ဒုက္ခရောက်အောင် လုပ်နေခြင်း ဖြစ်သည်ဟု ထရမ့်က ဝေဖန်ခဲ့သည်။

“သူ့ရဲ့နှုတ်က ထွက်လာတဲ့ စကားတိုင်းက ပြဿနာတွေကို ဖြစ်စေတာပါ။ ကျနော် မကြိုက်ဘူး။ မပြောဘဲ နေတာ ပိုကောင်းပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။

Source: ရိုက်တာ