CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၆
လီဗာပူးလ်အသင်းကနေ နွေရာသီမှာ ထွက်ခွာတော့မယ့် နောက်ခံလူအာနိုးလ်က အန်ဖီးလ်မှာ သူ့ရဲ့နောက်ဆုံး နေ့ကို သူ့ဘဝရဲ့အကောင်းဆုံးလို့ ပြောပြီး အသင်းကို နှုတ်ဆက်မှု ပြုလုပ်ခဲ့ပါတယ်။
အာနိုးလ်က “ ဒီနေ့မှာ အန်ဖီးလ်ကနေ ထွက်ခွာဖို့ ဘာကိုမျှော်လင့်ရမလဲဆိုတာ ကျနော်မသိခဲ့ပါဘူး။ ဒီဧည့်ခံမှုက ကျနော့်အတွက် အလွန်အဓိပ္ပါယ်ရှိပြီး ဒီနေ့ထက် ပိုချစ်ပြီး ပိုဂရုစိုက်တာကို ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး။ တစ်နေ့မှာ ပရိသတ်တွေနဲ့ ကလပ်အသင်းအားပေးတဲ့ သူတွေဟာ ဒီအသင်းအတွက် ကျနော်ကြိုးစားခဲ့တာတွေကို အသိအမှတ်ပြုနိုင်ဖို့ မျှော်လင့်ပါတယ်။ ကလပ်အသင်းမှာ ပါဝင်ခဲ့ရတဲ့ အခိုက်အတန့်တွေကို တစ်သက်လုံး မှတ်မိ နေမှာဖြစ်ပြီး ဒီနေ့က ကျနော့်ဘဝရဲ့ အကောင်းဆုံးဖြစ်နေမှာပါ”လို့ ပြောခဲ့တာပါ။
အာနိုးလ်ဟာ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်ခဲ့တဲ့ ပဲလေ့စ်အသင်းနဲ့ ဒီရာသီနောက်ဆုံးပွဲကို သူ့ရဲ့လီဗာပူးလ်အသင်း ကစားသမားဘဝ နောက်ဆုံးပွဲအဖြစ် လူစားဝင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၆ နှစ် အရွယ်ကတည်းက လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့တဲ့ အာနိုးလ်ဟာ ရာသီကုန်မှာ အသင်း ကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တဲ့အပေါ် အသင်းပရိသတ်တွေဟာ ဒေါသထွက်ပြီး အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ လူစားလဲဝင်ရောက်ချိန် သူ့ကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တာပါ။
အာနိုးလ်ကို တွေ့ရစဉ်
ဒါပေမယ့် ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာတော့ အာနိုးလ်ဟာ အသင်းပရိသတ်တွေရဲ့ နွေးထွေးစွာ ဧည့်ခံခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းမှာ နှစ်ပေါင်း ၂၀ ကြာ ကစားခဲ့တဲ့ အာနိုးလ်ဟာ ပွဲအပြီးမှာ သူ့ရဲ့ခံစားချက်တွေကို ထိန်းချုပ် နိုင်ခဲ့ခြင်းမရှိဘဲ ကွင်းထဲမှာ သူ့ရဲ့မိသားစုနဲ့အတူ ငိုကြွေးမှုတွေ ပြုလုပ်ခဲ့တာပါ။
အာနိုးလ်ဟာ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် ဆုဖလား အောင်ပွဲခံ အခမ်းအနားမှာ အသင်းရဲ့တံဆိပ်ကို နမ်းပြီး ပရိသတ်တွေအရှေ့မှာ အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။
အာနိုးလ်ဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၃၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၃ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၈ ခုရယူနိုင်ခဲ့တာပါ။
လီဗာပူးလ်အသင်းကနေ ထွက်ခွာမယ့် အာနိုးလ်ဟာ ရီးရယ်လ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့မှာဖြစ်ပါတယ်။
Source :Dailymail