CNI News

၂၀၂၅ ခုနှစ်၊ မေလ ၂၆

မြန်မာနိုင်ငံတွင် စစ်ပွဲများ၊ စစ်မှုထမ်းဆင့်ခေါ်ခြင်းများနှင့် ငလျင်ဘေးသင့်မှုများ နောက်ပိုင်း၌  ဆောက်လုပ်ရေး လုပ်ငန်းများမှာ ပညာရှင်သာမက လုပ်သားများပါ ရှားပါးနေသည့်အပြင် နေ့စားခများလည်း  ပိုမိုမြင့်တက် လာနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ CNI သတင်းဌာနသို့ ပြောသည်။

အလုပ်ကြမ်း လုပ်အားခမှာ ယခင်က တစ်ရက်လျှင် ၁၀,၀၀၀ ကျပ် ဝန်းကျင်ရှိသော်လည်း ယခုအခါတွင် အဆမတန် များပြားနေကြောင်း သိရသည်။

ထိုသို့  လုပ်သားခနှုန်းထားများ တက်သွားခြင်းမှာ ရှိနေသည့် လုပ်သားအင်အားနှင့် လိုအပ်ချက်မှာ မမျှတ သောကြောင့် ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဆောက်လုပ်ရေး လုပ်သားများကိုတွေ့ရစဉ် 

၎င်းက “ လုပ်သားကတော့ ဆိုးပါတယ်။ ဘာလို့ဆိုးလဲဆိုရင် ငလျင်ဖြစ်တော့ ပျက်ဆီးတာ ဖယ်ရှားရှင်းလင်းတာ အတွက် လုပ်သားက အများကြီးလိုတယ်။ နဂိုကတည်းက အလုပ်သမားက လျော့နေတာပေါ့နော်။ ပြင်ပထွက် တာနဲ့ ဘာနဲ့ အဲဒီလို လျော့နေတဲ့အချိန်မှာ နောက်ထပ် ငလျင်က ဖြစ်လိုက်တဲ့ အခါကြတော့ လုပ်သားအင်အား လျော့ပါးမှုနဲ့ လုပ်သားက ဈေးနှုန်းမြင့်တက်မှုက ဒါတော်တော် ဆိုးရွားတဲ့ အခြေအနေမှာ ရောက်နေပါပြီ။ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်တန့်သွားတဲ့ အကြောင်းကလည်း အဲဒါတွေလည်း ပါပါတယ်။ အဲဒါကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုထဲပါပါတယ်။ ပညာရှင်တွေရော၊ အင်ဂျင်နီယာတွေရော၊ လုပ်သားတွေရော ရှားပါးမှု ကလည်း အရေးကြီးတဲ့ ကဏ္ဍထဲမှာ ပါပါတယ်။ လုပ်သားခတွေက နဂို နေ့ကြမ်း ၁၀,၀၀၀ လောက်ရှိတာ ၂၅,၀၀၀ လောက်ဖြစ်နေပြီ။ တချို့နေရာမှာ ၄၊ ၅၀,၀၀၀ တောင် ပေးနေရတယ်။ အဲဒီလောက်ထိကို ဖြစ်လာတာ။ ဘာလို့လဲ ဆိုတော့ demand နဲ့ supply မမျှဘူး။ လုပ်သားကနည်းပြီး လုပ်ချင်တာက များတဲ့အခါ၊ ဖျက်မယ်၊ ဖြိုမယ်၊ လတ်တလော အရေးပေါ်ကာလကို။ နောက် ၄၊ ၅၊ ၆ လနေရင်တော့ တစ်မျိုးဖြစ်သွားနိုင်တယ် ထင်ပါတယ် ” ဟု ပြောသည်။

လက်ရှိတွင် ငလျင်၏ နောက်ဆက်တွဲအနေဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း ဝယ်ယူရခက်ခဲမှုအပြင် အခြားကိစ္စ များကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ လည်ပတ်မှု နည်းပါးနေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန်မှာ နိုင်ငံ၏စီးပွားရေးပေါ်တွင်သာ မူတည်ကြောင်း၊ လက်ရှိတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် ဆွေးနွေးတိုင်ပင် နေကြကြောင်း ရွှေကမ္ဘာမောင်မောင် ဆောက်လုပ်ရေးလုပ်ငန်းမှဥက္ကဋ္ဌ ဦးမောင်မောင်က CNI သတင်းဌာနသို့ ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုကိုတွေ့ရစဉ်

၎င်းက “အခုဆိုရင် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမှာတော့ ပွဲကြီးပွဲကောင်း ဖြစ်နေတယ်။ လူတစ်ယောက်ကို ၄၀,၀၀၀ တောင်းလိုတောင်း၊ ၅၀,၀၀၀ တောင်းလိုတောင်း တောင်းချင်သလို တောင်းနေကြတယ်။ အဲဒီတော့ ပြီးအောင် လုပ်ပါဆိုတော့လည်း တချို့လိုအပ်ချက်အရ ကန်ထရိုက်တာတွေကတော့ သုံးနေရတယ်လို့ ကြား တယ်။ အဲဒါကို ကျ‌‌နော်တို့ စုဆောင်းပြီးတော့ တိုင်ပင်နေကြတယ်။ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ၊ မြေဈေး ကလည်း မတန်တဆ၊ လုပ်သားအင်အားကလည်း မတန်တဆ၊ regulation ကလည်းများ၊ ရှိတဲ့လူကတော့ ရောင်းရတာပေါ့။ ဈေးကောင်းကောင်းနဲ့။ မရှိတဲ့လူတွေကြ မရောင်းရ။ ဆိုတော့ ဒီလုပ်ငန်းတွေကို ပြန်လည် လည်ပတ်ဖို့ဆိုတာကတော့ စီးပွားရေးအပေါ်မှာပဲ မူတည်လိမ့်မယ်။ စီးပွားရေးက မကောင်းရင်တော့ ဒီဥစ္စာက လောလောဆယ်လုပ်နိုင်ဖို့ အနေအထားက မရှိစသလောက် ဖြစ်နေတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း မလုပ် နိုင်တော့ဘူး။ ဘာလို့ဆို ရှိတဲ့ငွေနဲ့ စောင့်ရမယ့် ထည့်ရမယ့်ငွေက အရမ်းကွာသွားပြီ။ အလှမ်းဝေးသွားပြီ” ဟု ပြောသည်။ 

အဆောက်အဦများ ဆောက်လုပ်ရာတွင် အနည်းဆုံး ရက်ချ်စတာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦများ ဆောက်လုပ်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁ ရက်က ငလျင်ဘေး သင့် အင်းလေးဒေသသို့ သွားရောက်စစ်ဆေး၍ ပြည်သူများဖြင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အစိုးရမှ ဘိလပ်မြေ တစ်အိတ်လျှင် ၁၇,၀၀၀ ကျပ်ဖြင့် ငလျင်ဘေးသင့် အဆောက်အအုံများသို့ ရောင်းချပေးရန် နှုန်းထား သတ်မှတ်ပေးထားသော်လည်း မြေပြင်တွင် ဝယ်ယူရခက်ခဲနေကာ နှုန်းထားမှာလည်း ငွေကျပ် ၄၀,၀၀၀ အထိ ပေါက်ဈေးများရှိနေကြောင်း သိရသည်။