CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၂၇

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ဒီရာသီ ဆော်ဒီပရိုလိဂ် နောက်ဆုံး ပွဲစဉ် ပါဝင်ကစားအပြီးမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိတဲ့ အရိပ်အမြွက်ကို ဖွင့်ဟခဲ့ပါတယ်။ 

ရော်နယ်ဒိုက “ဒီအခန်း ပြီးဆုံးသွားပါပြီ။ ဇာတ်လမ်းကတော့ ဆက်ပြီးရေးနေတုန်းပါပဲ။ အားလုံးကို ကျေးဇူးတင် ပါတယ်”လို့ သူ့ရဲ့ပုံနဲ့အတူ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။ 

အယ်လ်နာဆာအသင်းဟာ ရာသီနောက်ဆုံးပွဲစဉ်မှာ အယ်လ်ဖာတက်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ရော်နယ်ဒိုက ၁ ဂိုးသွင်းယူခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ဒီသွင်းဂိုးကြောင့် ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ၂ ရာသီ ဆက်တိုက် ရပ်တည်နိုင်ခဲ့တာပါ။

ဒါပေမယ့် အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၃ နေရာနဲ့ ရာသီအဆုံး သတ်ကာ လာမယ့်ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ဆုဖလား အောင်မြင်မှုတွေ ဝေးကွာနေတာကြောင့် အနာဂတ်ကို စဉ်းစား နေပြီး သူ့ရဲ့ လက်ရှိစာချုပ်ကလည်း ဇွန်လဆိုရင်ကုန်ဆုံးမှာပါ။ 

ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းတို့ရဲ့ စာချုပ် ဆွေးနွေးမှုတွေကလည်း ရပ်တန့်ထားခဲ့တာကြောင့် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်း အများအပြား ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

မကြာသေးခင်မှာ ဖီဖာအကြီးအကဲ အင်ဖန်တီနိုက ရော်နယ်ဒိုဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် အသင်းတစ်သင်းသင်းမှာ ဝင်ရောက် ကစားနိုင်တယ်လို့ မှတ်ချက်ပေးထားတာပါ။

ရော်နယ်ဒိုဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် အမည်မဖော်လိုတဲ့ ဘရာဇီးလ်ကလပ် အသင်းတစ်သင်းရဲ့ ကမ်းလှမ်းမှုကို ရရှိထားတယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြထားပါတယ်။ 

နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘရာဇီးလ် ကလပ်အသင်းတွေဖြစ်တဲ့ ဘိုတာဖိုဂို၊ ဖလူမီနက်စ်၊ ဖလာမင်ဂိုနဲ့ ပါလ်မီးရပ်စ်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ 

အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ၁၁၁ ပွဲ ပါဝင်ကစားထားပြီး ၉၉ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Dailymail