- By CNI
- Category: အားကစား
- Hits: 576
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
ရီးရယ်လ်အသင်းက မန်စီးတီးအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်မှာ ဟက်ထရစ် ဂိုးသွင်းယူခဲ့တဲ့ ဘတ်ပီက ရီးရယ်လ်အသင်းမှာ ခေတ်တစ်ခုကို သတ်မှတ်ချင်တယ်လို့ ပြောခဲ့ပါတယ်။
ဘတ်ပီက “ကျနော်ဟာ ဆိုးဆိုးရွားရွားကစားဖို့ ဒီကိုမလာချင်ပါဘူး။ ကျနော်ဟာ ကောင်းမွန်စွာ ကစားချင်ပြီး ရီးရယ်လ်အသင်းမှာ သမိုင်းတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် ခေတ်တစ်ခုကို သတ်မှတ်ချင်ခဲ့ပါတယ်။ အရေးကြီးဆုံး အရာက ဆုဖလားတွေ ဆွတ်ခူးဖို့ပါ။ ကျနော်ဟာ ကစားသမားဘဝမှာ ဂိုးတွေ အများကြီး သွင်းယူထားပေမယ့် ကျနော်တို့ အမြဲတမ်း ဆုဖလားတွေ မရရှိခဲ့ပါဘူး။ ကျနော်ဟာ ဂိုးတွေ အများကြီးသွင်းပြီး ဆုဖလားတွေ ရယူနိုင် ခဲ့ရင် ဒါကို သွေးနဲ့ လက်မှတ်ထိုးမယ်”လို့ Movistar ကို ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ မန်စီးတီးအသင်းကို ပထမအကျော့ပွဲစဉ်က ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ ပေါင်း ရလဒ် ၆ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘတ်ပီဟာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပွဲစဉ်နှစ်ကျော့စလုံး ဂိုးသွင်းနိုင်ခဲ့ပြီး ဒုတိယအကျော့ ပွဲစဉ်မှာ ဟက်ထရစ်နဲ့အတူ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့တာပါ။

ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီဟာ ရီးရယ်လ်အသင်း ကစားသမားဘဝ အစပိုင်းမှာ အထနှေးခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် အခုအချိန်မှာ အကောင်းဆုံးပုံစံ ရရှိနေပြီး ဒီရာသီ ကစားထားတဲ့ ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၂၈ ဂိုးအထိ သွင်းယူထားပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဘတ်ပီကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး သူဟာ စီရော်နယ်ဒိုရဲ့ အဆင့်ကို ရောက်ရှိနိုင်တယ်လို့ ပြောခဲ့တာပါ။
ဒါပေမယ့် ဘတ်ပီ အနေနဲ့ စီရော်နယ်ဒိုရဲ့ အဆင့်ကို ရောက်ရှိဖို့အတွက် အလုပ်တွေ အများကြီး လုပ်ရမယ်လို့ လည်း အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အသလက်တီကို ဒါမှမဟုတ် လေဗာကူဆင်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး မဲခွဲမှုကို ဖေဖော်ဝါရီ ၂၁ ရက်ကျရင် ပြုလုပ်သွားမှာပါ။
ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် ဂျီရိုနာအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပြီး လာလီဂါမှာ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတာကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 590
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်က အခုအချိန်ထိ အသင်းအတွက် ပွဲထွက်ခွင့်ရခြင်း မရှိသေးတဲ့ ကွင်းလယ် တိုက်စစ်ကစားသမား ဒယ်လီအလီအတွက် အချိန်လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဖာဘရီဂတ်စ်က “ဒယ်လီအလီဟာ ကွင်းပြင်ပမှာ အလုပ်လုပ်နေပါတယ်။ သူဟာ လပေါင်းများစွာကြာ ကစားရခြင်း မရှိသေးတဲ့အတွက် သူ့ကိုကျနော် ဖိအားတွေ ထပ်ပြီးမပေးချင်ပါဘူး။ ကျနော် သူနဲ့ စကားပြော ပြီးပြီဖြစ်ပြီး သူ့အတွက် အချိန်လိုအပ်ပါတယ်။ ကျနော်တို့က သူ့ကို ဒီမှာကူညီပေးသွားမှာပါ။ ကျနော်တို့ လုပ်နိုင်မယ်လို့ ယုံကြည်မှုရှိပြီး သူ့ကိုကွင်းထဲမှာ ပြန်တွေ့ရဖို့အတွက် စိတ်ရှည်ဖို့လိုအပ်ပါတယ်”လို့ ပြောခဲ့ တာပါ။
ကိုမိုအသင်းဟာ အဲဗာတန်အသင်းကနေ ထွက်ခွာလာခဲ့တဲ့ ဒယ်လီအလီကို စမ်းသပ်လေ့ကျင့်မှုတွေ ပြုလုပ် ပြီးနောက် ၁၈ လ သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ ဒယ်လီအလီဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီက ဘက်ဆစ်တပ်အသင်းအတွက် နောက်ဆုံး ပါဝင်ကစားပေးပြီးကတည်းက ပွဲတွေနဲ့ဝေးကွာနေတာပါ။

ဒယ်လီအလီကို တွေ့ရစဉ်
ကိုမိုအသင်းဟာ ဒယ်လီအလီကို ခေါ်ယူထားတာ တစ်လကျော် ရှိသွားပြီဖြစ်ပေမယ့် အခုအချိန်ထိ အသုံးပြုခြင်း မရှိသေးတာ ဖြစ်ပါတယ်။
ကိုမိုအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဖီအိုရင်တီးနားအသင်းကို အနိုင်ရပြီးနောက် အမှတ်ပေး ဇယားအဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ ပါးမားအသင်းကို ၅ မှတ်အသာနဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေ တာပါ။
ကိုမိုအသင်းဟာ စီးရီးအေပြိုင်ပွဲမှာ ဆက်ပြီးရှိနေနိုင်ဖို့အတွက် လက်ရှိအချိန်မှာ ဒယ်လီအလီကို အသုံးပြုဖွယ် မရှိသေးတာကြောင့် ဒယ်လီအလီအနေနဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိဖို့ လေ့ကျင့်မှုတွေ ပိုပြီးလုပ်ဆောင်ရဖို့ ရှိနေပါတယ်။
ကိုမိုအသင်းဟာ ဒီအပတ် စီးရီးအေပွဲစဉ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ နာပိုလီ အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 591
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
ယူနိုက်တက်အသင်းကနေ ဘက်တစ်အသင်းမှာ အငှားသွားရောက်ကစားပြီး ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူနေတဲ့ တောင်ပံကစားသမား အန်တိုနီက သူဟာ ဘက်တစ်အသင်းမှာ အလွန်ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပါတယ်။
အန်တိုနီက “အရေးကြီးဆုံးအရာက ပျော်ရွှင်ဖို့ဖြစ်ပြီး ဘက်တစ်မှာ ကျနော် အလွန်ပျော်ရွှင်နေပါတယ်။ အရာ အားလုံးက သဘာဝအတိုင်း ဖြစ်လာပါတယ်။ ကျနော့်ကို ဥရောပထံ ခေါ်ဆောင်လာတဲ့ ဘောလုံးအရည်အသွေးကို ကျနော်ဒီမှာ ပြသနိုင်ခဲ့ပါတယ်။ ကျနော်ဟာ အလုပ်ကို ဆက်ကြိုးစားပြီး ကိုယ့်ကိုယ်ကို ပျော်ရွှင်စွာနဲ့ နေ့တိုင်း အာရုံစူးစိုက်နေပါတယ်။ ဒီအတိုင်းဆက်သွားမယ်”လို့ DAZN ကိုပြောခဲ့တာပါ။
အန်တိုနီဟာ ပြီးခဲ့တဲ့ ဆိုစီဒက်အသင်းနဲ့ပွဲစဉ်မှာ ဘက်တစ်အသင်းအတွက် လှပတဲ့ သွင်းဂိုးအပြင် ဂိုးဖန်တီးမှု ၁ ကြိမ်ကိုပါ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ် ကစားသမားဟာ ဘက်တစ်အသင်းကို ရောက်ရှိလာပြီးကတည်းက ကစားထားတဲ့ ၄ ပွဲမှာ ၃ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးကာ လာလီဂါပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက် အကောင်းဆုံး ကစားသမားဆုကို ရရှိထားတာပါ။

အန်တိုနီကို တွေ့ရစဉ်
အန်တိုနီဟာ ယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရပေမယ့် ဘက်တစ်အသင်းမှာ သူ့ရဲ့အကောင်းဆုံးပုံစံတွေကို ပြန်လည်ရရှိနေတာဖြစ်ပါတယ်။
အန်တိုနီကတော့ သူ့ရဲ့အကောင်းဆုံးပုံစံကို ဒီရာသီအကုန်အထိ ဆက်ထိန်းနိုင်ဖို့ မျှော်လင့်နေတာပါ။
ဘက်တစ်အသင်းဟာ အန်တိုနီကို လာမယ့် ရာသီအသင်းမှာ ဆက်ပြီးရှိစေချင်နေပေမယ့် သူ့ရဲ့အငှားစာချုပ်ထဲမှာ အပြီးသတ်ဝယ်ယူခွင့် မပါဝင်ပါဘူး။
အဲဒါကြောင့် အန်တိုနီဟာ ရာသီကုန်ချိန်မှာ ယူနိုက်တက်အသင်းထံ ပြန်ရမှာဖြစ်ပြီး မန်ချက်စတာကလပ်မှာ ခြေစွမ်းပြသဖို့ သူ့အတွက် နောက်ထပ် အခွင့်အရေးရဖို့ရှိနေတာပါ။
ဘက်တစ်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ဂျန့်အသင်းနဲ့ ကွန်းဖရန့်လိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ကစားရဖို့ ရှိနေပြီး ပထမအကျော့တုန်းက ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 486
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
ဘိုင်ယန်မြူးနစ်နဲ့ ဆဲလ်တစ်အသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအောဖ့် ဒုတိယအကျော့ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတဲ့ တိုက်စစ်မှူးဟာရီကိန်းက ဖြစ်နိုင်ခြေရှိတဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးမှုတွေပြုလုပ်ရမယ်လို့ ပြောခဲ့ပါတယ်။
ဟာရီကိန်းက “ကျနော်တို့ဟာ စကန်ဖတ်စစ်ဆေးမှုတွေပြုလုပ်ရမှာဖြစ်ပြီး ဒဏ်ရာအခြေအနေကို မြင်တွေ့ ရမှာပါ။ လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် ဖရန့်ဖတ်အသင်းနဲ့ပွဲစဉ်မှာ ကျနော်ပါဝင်ကစားနိုင်မလားဆိုတာ မသေချာဘူး”လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဆဲလ်တစ်အသင်းနဲ့ပွဲမတိုင်ခင်ကတည်းက ဒဏ်ရာစိုးရိမ်မှု တွေရှိနေပေမယ့် နည်းပြကွန်ပနီက သူတို့အတွက် အရေးကြီးတဲ့ ဒီပွဲစဉ်မှာ သူ့ကိုပွဲထွက် လူစာရင်း အသုံးပြု ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် နည်းပြကွန်ပနီဟာ ပထမပိုင်းအပြီးမှာ ဟာရီကိန်းကို ကိုးမန်းနဲ့ လူစားလဲမှု ပြုလုပ်ခဲ့တာပါ။
ကွန်ပနီက ဟာရီကိန်းဟာ ဆက်မကစားနိုင်တော့တာကြောင့် လူစားလဲခဲ့တာဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီးရင် သူ့ရဲ့အခြေအနေကို သိရမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒီပွဲမှာ ဆဲလ်တစ်အသင်းဟာ မိနစ် ၉၀ အထိ ဘိုင်ယန်မြူးနစ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားပြီး အချိန်ပိုကစားနိုင်ဖို့ အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့တာပါ။
ဒါပေမယ့် နာကျင်အချိန်ပို ၄ မိနစ်မှာ အယ်လ်ဖွန်ဆို ဒေးဗီးစ်က ဘိုင်ယန်မြူးနစ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့တာကြောင့် ၁ ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပထမအကျော့တုန်းက ဆဲလ်တစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်အဖြစ် အသလက်တီကို ဒါမှမဟုတ် လေဗာကူဆင် အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 579
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
အေစီမီလန်အသင်းဟာ ဖီယင်နုအသင်းကို နှစ်ကျော့ပေါင်း ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ကာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြကွန်ဆီကာအိုက အနီကတ်ပြသခံခဲ့ရတဲ့ သီယိုဟာနန်ဒက်ဇ်ကို အပြစ်မတင်ဘဲ သူ့ရဲ့အမှားကြောင့် ထွက်ခွာခဲ့ရတာလို့ ပြောခဲ့ပါတယ်။
ကွန်ဆီကာအိုက “ကျနော်တို့ဟာ ၁၆ သင်းအဆင့်ကို ရောက်ရှိချင်တာကြောင့် ဒါဟာ သေချာပေါက် ကျရှုံးမှုပါ။ ဒီပွဲမှာ ကျနော်တို့ဟာ ပြိုင်ဘက်ထက် ပိုပြီးသန်မာတယ်ဆိုတာကို ပြသခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က ပြင်းထန်တယ်လို့ ပြောရမှာပါ။ ဒီရှုံးနိမ့်မှုအတွက် တာဝန်ရှိတဲ့သူက ကျနော်ပါ၊ သီယိုမဟုတ်ပါ ဘူး။ သီယိုက မီလန်အတွက် အများကြီးပေးခဲ့ပြီး ကျနော်က အမှားအယွင်းတွေ လုပ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့အတွက် ကျနော်တို့ စိတ်ပျက်ပြီး ဒေါသထွက်တယ်”လို့ ပြောခဲ့တာပါ။
အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့အဖြစ် ဖီယင်နုအသင်းနဲ့ အိမ်ကွင်းမှာ ကစားခဲ့ရာ ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အေစီမီလန်အသင်းဟာ ပွဲချိန် ၁ မိနစ် မပြည့်ခင်ကတည်းက တိုက်စစ်မှူး ဂျီမီနက်ဇ်ရဲ့သွင်းဂိုးနဲ့ ဖီယင်နု အသင်းကို ဦးဆောင်နိုင်ခဲ့တာပါ။
ဒါပေမယ့် နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ဟာ ဖီယင်နုအသင်း ဂိုးဧရိယာထဲမှာ ဒိုင်ဗင်ထိုးခဲ့တာကြောင့် ပွဲချိန် ၅၁ မိနစ်မှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ပွဲရဲ့အလှည့်အပြောင်း ဖြစ်သွားခဲ့ပါတယ်။

အေစီမီလန်အသင်းကိုတွေ့ရစဉ်
ပွဲချိန် ၇၃ မိနစ်မှာ ကာရန်ဇာက ဖီယင်နုအသင်းအတွက် အဖိုးတန် ချေပဂိုး သွင်းယူခဲ့ပြီးနောက် ၁ ဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့တာပါ။
ဖီယင်နုအသင်းဟာ ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ အေစီမီလန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိထား တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပါတယ်။
ဥရောပချန်ပီယံဆုကို ၇ ကြိ မ်ရရှိထားတဲ့ အေစီမီလန်အသင်းကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။
အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် စီးရီးအေပြိုင်ပွဲနဲ့ ကိုပါအီတာလီယာ ဖလားပြိုင်ပွဲကိုသာ အာရုံစိုက်ရတော့မှာပါ။
ဒတ်ချ်ကလပ် ဖီယင်နုအသင်းဟာ ၁၆ သင်းအဆင့်မှာ အင်တာမီလန် ဒါမှမဟုတ် အာဆင်နယ်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 568
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
ဘရာဇီးလ်နဲ့ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်ဟာ ပေါ်တူဂီဒုတိယတန်း ကလပ်ကို ဝယ်ယူမှု အပြီးသတ်ကာ ရီးရယ်လ်အသင်းဖော် ဘတ်ပီရဲ့ ခြေရာအတိုင်း လိုက်နင်းခဲ့ပါတယ်။
ဗီနီစီးယက်စ် အပါအဝင် ဘရာဇီးလ်နဲ့ စပိန်ရင်းနှီးမြှုပ်နှံသူ အစုအဖွဲ့ဟာ ပိုင်ရှင်ဟောင်း ရီကာဒိုဆီကနေ သူ့ရဲ့ ရှယ်ယာတွေကို ဝယ်ယူပြီး ပေါ်တူဂီဒုတိယတန်းကလပ် အယ်လ်ဗာကာအသင်းကို လွှဲပြောင်းရယူမှု အပြီးသတ် ခဲ့တာပါ။
Record က အယ်လ်ဗာကာအသင်းဟာ ပိုင်ရှင်အသစ်တွေကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တရားဝင် မိတ်ဆက်သွားဖို့ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ CEO အဖြစ် တာဝန်ယူနေတဲ့ အော်နီလက်စ်ဟာ ၂၀၂၄-၂၅ ရာသီ အကုန်ထိ အယ်လ်ဗာကာ အသင်းကို စီမံခန့်ခွဲမှုတွေ ပြုလုပ်ရမှာပါ။

ဗီနီစီးယက်စ်ကို တွေ့ရစဉ်
အယ်လ်ဗာကာအသင်းက ရီကာဒိုဟာ သူ့ရဲ့ရှယ်ယာတွေကို စပိန်နဲ့ ဘရာဇီးလ် ရင်းနှီးမြှုပ်နှံသူ အုပ်စုထံ ရောင်းချခဲ့တယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။
ဗီနီစီးယက်စ်ဟာ လက်ရှိ ရီးရယ်လ်အသင်း ကစားသမားတွေထဲမှာ ဥရောပကလပ်တွေရဲ့ ရှယ်ယာကို ဝယ်ယူခဲ့တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီက ဘတ်ပီဟာ ပြင်သစ်ဒုတိယတန်းကလပ် ကိန်းအသင်းရဲ့ ရှယ်ယာအများစုကို ယူရိုသန်း ၂၀ နဲ့ ဝယ်ယူမှု ပြုလုပ်ခဲ့ပြီး အသင်းရဲ့ ပိုင်ရှင်အစုအဖွဲ့ထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဗီနီစီးယက်စ်နဲ့ ဘတ်ပီတို့ဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်အတွက် ရီးရယ်လ်အသင်းနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။
ရီးရယ်လ်အသင်းဟာ ပထမအကျော့ ပွဲစဉ်တုန်းက မန်စီးတီးအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 589
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
ကွင်းလယ်လူ ကတ်စီမီရိုဟာ ဒီရာသီ ယူနိုက်တက်အသင်းမှာ ပွဲထွက်ကစားခွင့် ဆုံးရှုံးနေပေမယ့် စာချုပ်ကုန်ဆုံး မယ့် ၂၀၂၆ ခုနှစ် နွေရာသီအထိ အသင်းမှာ ဆက်ရှိချင်တယ်လို့ ပြောခဲ့ပါတယ်။
ကတ်စီမီရိုက “ကျနော်ဟာ ဒီထက်ပိုကစားချင်ပြီး အသင်းကို အကူအညီပေးချင်ပါတယ်။ ကျနော်ဟာ စာချုပ် တစ်နှစ်ခွဲ ကျန်ရှိနေသေးပြီး စာချုပ်ကုန်ဆုံးတဲ့အထိ မန်ချက်စတာမှာ ရှိချင်ပါတယ်။ ကျနော်ဟာ ဒီမှာရှိနေရတာ အဆင်ပြေပြီး မိသားစုလည်း အတူတူပါပဲ။ ကျနော်ဟာ ပရိသတ်တွေနဲ့ ကလပ်ကို ကျေးဇူးတင်ပြီး အသင်းမှာ ပျော်ရွှင်ပါတယ်။ အရန်ခုံမှာထိုင်နေရတာ မပျော်ရွှင်တာကတော့ အကြောင်းအရာ သက်သက်ဖြစ်ပါတယ်”လို့ Diario AS နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ကတ်စီမီရိုကို တွေ့ရစဉ်
၂၀၂၂ ခုနှစ်၊ သြဂုတ်က ယူရိုသန်း ၇၀ နဲ့ ရီးရယ်လ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကတ်စီမီရိုဟာ ယူနိုက်တက် အသင်း ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းကို ကာရာဘောင်းဖလား ချန်ပီယံ ဖြစ်အောင်နဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဒုတိယရာသီမှာ ကတ်စီမီရိုဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ခြေစွမ်းပျောက်ဆုံးခဲ့ကာ ဒီရာသီနည်းပြ အာမိုရင် လက်ထက်မှာတော့ ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတာပါ။
ကတ်စီမီရိုဟာ စပါးအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ယူနိုက်တက်အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပြန်ပြီးပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကတ်စီမီရိုဟာ ယူနိုက်တက်အသင်းမှာ စာချုပ်ကုန်ဆုံးတဲ့အထိ ဆက်ရှိချင်တယ်လို့ ပြောခဲ့ပေမယ့် သူဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေခံခဲ့ရတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီမှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်မှာဖြစ်ပြီး ကတ်စီမီရိုဟာ အသင်းရောင်းချမယ့် ကစားသမားစာရင်းထဲမှာ ပါဝင်နေပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ကတ်စီမီရိုဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၁၀၈ ပွဲ ပါဝင်ကစားထားပြီး ၁၅ ဂိုး သွင်းယူကာ လာမယ့် အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 398
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ဗယ်လက်ကာနိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်တွေအတွက် ဗယ်လက်ကာနိုအသင်းဟာ ဒေါသထွက်နေပေမယ့် သူကတော့ VAR အသုံးပြုမှုကို ထောက်ခံခဲ့ပါတယ်။
ဟန်ဆီဖလစ်က “အဖြစ်အပျက်တွေကို ကျနော်မကြည့်ရသေးပေမယ့် ကျနော်ဟာ အမြဲတမ်း VAR ဘက်ကနေ ရပ်တည်သွားမှာပါ။ VAR ကို ကျနော်ယုံကြည်ပါတယ်။ ဒီပွဲမှာ ပြိုင်ဘက်အသင်းကို အနိုင်ရယူဖို့ ခက်ခဲခဲ့တာ ကြောင့် ၃ မှတ်ရယူနိုင်ခဲ့တဲ့အတွက် ကျနော်တို့အလွန်ပျော်ပါတယ်။ ဗယ်လက်ကာနိုအသင်းဟာ ပုံစံကောင်းရှိပြီး ကစားပုံလည်းကောင်းမွန်ပါတယ်။ ကစားသမားတွေအတွက် ခက်ခဲတဲ့ပွဲဖြစ်ခဲ့လို့ ကျနော်ဂုဏ်ယူပါတယ်”လို့ Movistar Plus ကိုပြောခဲ့တာပါ။
ဒီပွဲမှာ ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး လီဝန်ဒေါစကီးက ပင်နယ်တီကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဗယ်လက်ကာနိုအသင်းကစားသမား ပါသီဆစ်က ဘာစီလိုနာအသင်းနောက်ခံလူ မာတီနက်ဇ်ကို ဂိုးဧရိယာထဲဆွဲလှဲခဲ့တယ်ဆိုပြီး VAR က သုံးသပ်ခဲ့တာကြောင့် ဘာစီလိုနာအသင်း ပင်နယ်တီရရှိခဲ့တာပါ။
ဗယ်လက်ကာနိုအသင်းလည်း ဘာစီလိုနာအသင်းဂိုးဧရိယာထဲမှာ ဒီလိုတူညီတဲ့ အဖြစ်အပျက်ကြုံခဲ့ရပေမယ့် ပင်နယ်တီရခဲ့ခြင်းမရှိပါဘူး။

ဒါ့အပြင် ဗယ်လက်ကာနိုသွင်းယူခဲ့တဲ့ ချေပဂိုးကိုလည်း ခွင့်မပြုခဲ့တာကြောင့် ဗယ်လက်ကာနိုအသင်းဟာ VAR ရဲ့ ဆုံးဖြတ်ချက်တွေကို ဒေါသထွက်နေခဲ့တာပါ။
ရီးရယ်လ်အသင်းကလည်း ဒိုင်လူကြီးတွေနဲ့ VAR ရဲ့ ဆုံးဖြတ်ချက် တွေအတွက် လာလီဂါ၊စပိန်ဘောလုံးအဖွဲ့ချုပ်တို့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိနေပြီး ဒီအဖြစ်အပျက်တွေကြောင့် အငြင်းပွားမှုတွေဟာ ပိုပြီးတိုးလာခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကတော့ ဒီနိုင်ပွဲကြောင့် ရီးရယ်လ် အသင်း နဲ့ အမှတ်တူနေပေမယ့် ဂိုးကွာခြားချက်၊ထိပ်တိုက်တွေ့ဆုံမှုအသာနဲ့ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်နိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ပြိုင်ပွဲပြီးဆုံးဖို့အဝေးကြီးကျန်ရှိနေသေးတာကြောင့် တစ်ပွဲချင်းကို အာရုံစိုက်ပြီး အဆုံးထိတိုက်ပွဲဝင်သွားဖို့ ကစားသမားတွေကို ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့် လာလီဂါပွဲစဉ်အဖြစ် လက်စ်ပါမားစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 567
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက တိုက်စစ်မှူး ဟာရီကိန်းဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ မပါဝင်နိုင်ခဲ့ပေမယ့် ဆဲလ်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ကွန်ပနီက “ဟာရီကိန်းဟာ ဆိုးဆိုးရွားရွား မရှိပေမယ့် ပြန်လည် ကောင်းမွန်အောင်လုပ်ဖို့ ကျနော်တို့မှာ အချိန် အနည်းငယ်ပဲရှိပါတယ်။ အချိန်တွေ ထပ်ပြီးလိုအပ်ပေမယ့် ဟာရီကိန်း ဘယ်လိုခံစားနေရလဲဆိုတာကို ကျနော်တို့ မြင်တွေ့ရမှာပါ။ ကျနော်ကတော့ သူ့ရဲ့အခြေအနေ မဆိုးဘူးလို့ထင်ကြောင်း”ပြောခဲ့တာပါ။
ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ ပါဝင်ကစားထားပြီး ၂၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားတဲ့ ဟာရီကိန်းဟာ လေဗာကူဆင်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ မျက်နှာဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဟာရီကိန်းရဲ့ ဒဏ်ရာအခြေအနေအပေါ် စိုးရိမ်မှုတွေရှိနေသလို လေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်ခဲ့ တာကြောင့် ဆဲလ်တစ်အသင်းနဲ့ပွဲကို လွဲချော်နိုင်တယ်ဆိုပြီး ထင်မြင်မှုတွေလည်း ရှိလာတာပါ။

ကွန်ပနီကိုတွေ့ရစဉ်
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက ဟာရီကိန်းရဲ့ ဒဏ်ရာအခြေအနေ မဆိုးရွားတဲ့အတွက် ဆဲလ်တစ်အသင်းနဲ့ပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
ဒါအပြင် ကွန်ပနီက ဆဲလ်တစ်အသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်ဟာ သူတို့အတွက်ရော အသင်းအတွက်ပါ အလွန် အရေးပါတဲ့ပွဲဖြစ်ပြီး စကော့တလန်ကလပ်ဟာ အမြဲတမ်း အန္တရာယ်ရှိအောင် လုပ်နိုင်တဲ့အတွက် ရာနှုန်းပြည့် ကစားနိုင်ဖို့လိုအပ်တယ်လို့ ပြောခဲ့တာပါ။
ဆဲလ်တစ်အသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းက ဘိုင်ယန်မြူးနစ်အသင်းဟာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း အိမ်ကွင်းမှာ ကစားမယ့် ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 586
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းဟာ ကွင်းလယ်လူ အဲရစ်ဆန်ရဲ့ နှလုံးအခြေအနေနဲ့ ပတ်သက်ပြီး အလွန်သတိထား နေရတယ်လို့ ပြောပါတယ်။
အာမိုရင်က “အဲရစ်ဆန်မှာ နှလုံးအခြေအနေရှိလို့ ဒါကို ကျနော်တို့ အလွန်သတိထားနေရပါတယ်။ အခုကတော့ နှလုံးနဲ့ပတ်သက်တဲ့ ကိစ္စမရှိပါဘူး။ အခုအချိန်မှာ သူဟာအဖျားရောဂါရှိနေလို့ သူ့ရဲ့နှလုံးခုန်နှုန်းကို ထိန်းရမယ်”လို့ ပြောခဲ့တာပါ။
ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းက စပါးအသင်းကို ၁ ဂိုး-ဂိုး မရှိနဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖျားနာနေတာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။
အဲရစ်ဆန် မပါဝင်နိုင်တာနဲ့အတူ အရန်အင်အားနည်းနေတဲ့ ယူနိုက်တက်အသင်းဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ လူငယ်ကစားသမား ၈ ဦးကို အရန်ကစားသမားအဖြစ် ခေါ်ဆောင်လာခဲ့ရတာ ဖြစ်ပါတယ်။

အဲရစ်ဆန်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အဲရစ်ဆန်ရဲ့ ကျန်းမာရေး အခြေအနေကို စွန့်စွားသွားမှာ မဟုတ်ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
အဲရစ်ဆန်ဟာ ၂၀၂၁ ခုနှစ်က ကစားခဲ့တဲ့ ဖင်လန်အသင်းနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွင်းထဲလဲကျခဲ့ပြီးနောက် နှလုံးထဲမှာ စက်ကိရိယာ တပ်ဆင်ပြီး ကစားနေရတာဖြစ်ပါတယ်။
အဲရစ်ဆန်ဟာ ဘရန်ဖို့ဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ ပြန်လာပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းက သူ့ကို ၂၀၂၂ ခုနှစ်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာပါ။
အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ ထွက်ခွာရဖို့ရှိနေပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူထားတဲ့ အဲရစ်ဆန်ဟာ ကျန်းမာရေး အခြေအနေကောင်းမွန်ရင် အဲဗာတန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်နိုင်မှာဖြစ်ပါတယ်။
Source: Goal
