- By CNI
- Category: အားကစား
- Hits: 700
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
ဘိုင်ယန်မြူးနစ်အသင်းဟာ ကင်မစ်ချ်ကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကနေ နုတ်ထွက်ခဲ့တာကြောင့် ကင်မစ်ချ်ဟာ နွေရာသီမှာ ဂျာမန်ကလပ်ကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။
ကင်မစ်ချ်ရဲ့ စာချုပ်ဟာ နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် အသင်းမှာဆက်ရှိနိုင်ဖို့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ အချိန်အကြာကြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ နူအာ၊ မူစီယာလာနဲ့ အယ်လ်ဖွန်ဆိုဒေးဗီးစ်တို့ကို စာချုပ် သက်တမ်းတိုးခဲ့တာကြောင့် ကင်မစ်ချ်ကိုလည်း စာချုပ်သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာက သူတို့ဟာ ကင်မစ်ချ်ကို စာချုပ်သက်တမ်းတိုးဖို့ စိတ်အား ထက်သန်နေပေမယ့် ဆုံးဖြတ်ချက်က သူ့အပေါ်မှာ မူတည်တယ်လို့ ပြောထားတာပါ။
ဒါပေမယ့် ဂျာမန်သတင်းစာ Bild က ဘိုင်ယန်မြူးနစ်အသင်းဟာ ကင်မစ်ချ်ရဲ့ တုန့်ဆိုင်းနေမှုကို စိတ်ပျက်နေ တာကြောင့် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကနေ နုတ်ထွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကင်မစ်ချ်ကိုတွေ့ရစဉ်
အဲဒါကြောင့် ကင်မစ်ချ်ဟာ စာချုပ်ကုန်ဆုံးမယ့် နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့ ပိုပြီးများလာခဲ့တာပါ။
ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ဟာ ကင်မစ်ချ်ရဲ့ အခြေအနေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
ကင်မစ်ချ်ဟာ ကွင်းလယ်နေရာအပြင် ညာနောက်ခံ နေရာမှာလည်း ကစားနိုင်တဲ့သူဖြစ်လို့ လီဗာပူးလ်အသင်းဟာ နွေရာသီမှာ ထွက်ခွာဖွယ်ရှိတဲ့ အာနိုးလ်ရဲ့နေရာမှာ သူ့ကိုအစားထိုးဖို့ ပစ်မှတ်ထားနေတာပါ။
မန်စီးတီးအသင်းကလည်း ကင်မစ်ချ်ကို နည်းပြဂွာဒီယိုလာနဲ့ ပြန်ပြီးလက်တွဲ အလုပ်လုပ်နိုင်ဖို့ နွေရာသီမှာ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
ဂျာမနီအသင်းခေါင်းဆောင် ကင်မစ်ချ်ကို အလွတ်နဲ့ခေါ်ယူဖို့ ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေတာပါ။
၂၀၁၅ ခုနှစ်က လိုက်ပ်ဇစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကင်မစ်ချ်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၄၃၀ ကျော် ပါဝင်ကစားထားပြီး ဆုဖလားအောင်မြင်မှု အများအပြား ရယူထားတာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1125
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
အင်္ဂလန်တောင်ပံကစားသမား ရက်ရှ်ဖို့ဒ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်မှာ ယူနိုက်တက်အသင်းကနေ အက်စတွန်ဗီလာအသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းမှာ နည်းပြအာမိုရင်နဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ပွဲကစားခွင့် ဆုံးရှုံးခဲ့ ရပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့က အက်စတွန်ဗီလာအသင်းထံ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ တာပါ။
The Sun က ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာအသင်းမှာ ကောင်းမွန်စွာ စတင်နိုင်ခဲ့ပြီးနောက် သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ နည်းပြ အူနှိုင်းအမ်မရီရဲ့ လက်အောက်မှာ တိုးတက်မှုတွေနဲ့အတူ အက်စတွန်ဗီလာအသင်းထံ အပြီးသတ် ပြောင်းရွှေ့ချင်နေတာပါ။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ရက်ရှ်ဖို့ဒ်က သူဟာ နည်းပြ အူနှိုင်းအမ်မရီရဲ့ လက်အောက်မှာ သူ့ရဲ့ကစားသမားဘဝ ပြန်လည် အသက်ဝင် လာတယ်လို့ ခံစားနေရပြီး နည်းပြဟာ သူ့ကို လက်ရွေးစင်အသင်း လူစာရင်းထဲ ပြန်လည် ပါဝင်နိုင်အောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း သူငယ်ချင်းတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။
အင်္ဂလန်အသင်း လူစာရင်းနဲ့ ဝေးကွာနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ နည်းပြသစ် တူချယ်လ်ရဲ့ လက်ထက်မှာ လူစာရင်းထဲ ပြန်ပါဝင်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားချင်နေတာပါ။
ရက်ရှ်ဖို့ဒ်ရဲ့ အငှားစာချုပ်ထဲမှာ အက်စတွန်ဗီလာအသင်းဟာ ရာသီကုန်ချိန်မှာ သူ့ကို ယူနိုက်တက်အသင်းကနေ ပေါင်သန်း ၄၀ နဲ့ အပြီးသတ် ဝယ်ယူနိုင်ဖို့ ရွေးချယ်ခွင့်ပါဝင်တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေပေမယ့် နည်းပြအာမိုရင် တာဝန်ယူနေချိန်အတွင်း သူ့အတွက် ငယ်ဘဝကလပ်မှာ ပြန်ကစားခွင့်ရဖို့ ခက်ခဲနိုင်တာပါ။
ရက်ရှ်ဖို့ဒ်ဟာ ကာဒစ်ဖ်အသင်းနဲ့ FA ဖလား ပဉ္စမအဆင့် ပွဲမတိုင်ခင်အထိ အက်စတွန်ဗီလာ အသင်းအတွက် ၅ ပွဲ ပါဝင်ကစားထားပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 650
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
လက်စတာအသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ရလဒ်တွေ ဆိုးရွားနေပေမယ့် အသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်ပြီးရှိနေနိုင်ဖို့ တိုက်ပွဲဝင်နေဆဲလို့ နည်းပြနစ္စတယ်ရွိုင်းက ပြောခဲ့ပါတယ်။
နစ္စတယ်ရွိုင်းက “ကျနော်တို့ဟာ ရလဒ်ကောင်းတွေရရှိအောင် ပြန်လုပ်ရတော့မှာဖြစ်ပြီး ဒီတိုက်ပွဲထဲမှာရှိနေဆဲပါ။ သင်္ချာနည်းအရ ကျနော်တို့ ဒီမှာရှိနေတဲ့အတွက် ကျနော်တို့ဟာ ကျနော်တို့ လုပ်နိုင်သလောက် ဆက်တိုက်ပွဲ ဝင်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့တိုက်ပွဲက တစ်ပိုင်းပဲရှိခဲ့တဲ့အတွက် မလုံလောက်ဘူးဆိုတာ ရှင်းပါတယ်”လို့ ပြောခဲ့တာပါ။
နစ္စတယ်ရွိုင်းဟာ လက်စတာအသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၂ ပွဲသာ နိုင်ပွဲ ရရှိအောင် ကိုင်တွယ်နိုင်ခဲ့ပြီး အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၂ ပွဲမှာ ၁၁ ပွဲအထိ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
လက်စတာအသင်းဟာ ဒီရလဒ်တွေကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေ ပြီး တန်းဆင်းဇုန်အထက်က ဝုလ်ဗ်စ်အသင်းနဲ့ ၅ မှတ်ကွာဟနေတာပါ။

နစ္စတယ်ရွိုင်းကို တွေ့ရစဉ်
နစ္စတယ်ရွိုင်းအတွက်လည်း လက်စတာအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ့် ဖိအားတွေ ပိုပြီးများလာခဲ့တာ ဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းကတော့ သူဟာ အလုပ်ကို ဆက်လုပ်သွားမှာဖြစ်ပြီး အမှတ်ပေးဇယား အခြေအနေကို သိပေမယ့် ရလဒ်ကောင်းတွေ ပြန်ရအောင် လုပ်နိုင်မယ်လို့ ယုံကြည်နေတာပါ။
လက်စတာအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲစလုံး ဂိုးမသွင်းနိုင်ဘဲ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒီရာသီ လိဂ်ပြိုင်ပွဲမှာ ပေးဂိုးမပေးရတာ ၁ ပွဲပဲရှိခဲ့ပါတယ်။
လက်စတာအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မတ်လ ၉ ရက်မှာ ချယ်လ်ဆီးအသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 719
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုဟာ ဂါလာတာစာရေးအသင်းနဲ့ အစ္စတန်ဘူလ် ဒါဘီပွဲအပြီးမှာ ပြောခဲ့တဲ့ မှတ်ချက်တွေကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်က ၄ ပွဲပယ်နဲ့ ဒဏ်ကြေးငွေ ပေါင် ၃၅,၁၉၄ ချမှတ်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ ဂိုးမရှိ သရေကျခဲ့တဲ့ ဒီပွဲအပြီးမှာ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက် ပြုလုပ်ခဲ့တယ်လို့ ဂါလာတာစာရေး အသင်းရဲ့ စွပ်စွဲမှုကိုခံထားရတာပါ။
ပေါ်တူဂီလူမျိုးနည်းပြဟာ ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ဆလိုဗေးနီးယားလူမျိုး ဗင်ဆင့်ကို ချီးကျူးခဲ့ပြီး တူရကီဒိုင်လူကြီး တွေကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ အစ္စတန်ဘူလ် ဒါဘီပွဲအပြီးမှာ ဒိုင်လူကြီး အဝတ်လဲခန်းထဲကို သွားရောက်ကာ ခင်ဗျားသာ ဒီပွဲကို ကိုင်တွယ်ရင် အလွန်ဆိုးရွား သွားလိမ့်မယ်ဆိုပြီး စတုတ္ထဒိုင်လူကြီးကို ပြောခဲ့တယ်လို့ သိရပါတယ်။
အဲဒါကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်ဟာ မော်ရင်ဟိုကို အရေးယူမှုပြုလုပ်ခဲ့တာပါ။
မော်ရင်ဟိုဟာ တူရကီဒိုင်လူကြီးတွေကို စော်ကားတဲ့ ပြောစကားတွေကြောင့် ၂ ပွဲပယ်နဲ့ ဒဏ်ကြေးငွေ၊ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အားကစားကို ဆန့်ကျင်တဲ့ လုပ်ရပ်ကြောင့် ၂ ပွဲပယ်နဲ့ ဒဏ်ကြေးငွေ ချမှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

မော်ရင်ဟိုကို တွေ့ရစဉ်
ဖီနာဘာချီအသင်းကတော့ တူရကီဘောလုံးအဖွဲ့ချုပ်က နည်းပြမော်ရင်ဟိုကို ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေကို အယူခံ ဝင်သွားမယ်လို့ BBC ကို အတည်ပြုထားတာပါ။
ဂါလာတာစာရေးအသင်းဟာ မော်ရင်ဟိုကို လူမျိုးရေး ခွဲခြားတဲ့ မှတ်ချက်ကြောင့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ဖို့ လုပ်ဆောင်နေပြီး FIFA နဲ့ UEFA ကိုလည်း တရားဝင် တိုင်ကြားထားတာ ဖြစ်ပါတယ်။
ဖီနာဘာချီအသင်းကလည်း ဂါလာတာစာရေးအသင်းရဲ့ စွပ်စွဲမှုတွေအတွက် ဥပဒေအရ အရေးယူဖို့ စီစဉ် သွားမယ်လို့ ပြောထားတာပါ။
မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို ကိုင်တွယ်ပြီး ကတည်းက တူရကီဒိုင်လူကြီးတွေကို ပြောခဲ့တဲ့ မှတ်ချက်တွေ ကြောင့် ပွဲပယ်နဲ့ ဒဏ်ကြေးငွေ ချမှတ်ခြင်းကို ခံခဲ့ရပါတယ်။
ဖီနာဘာချီအသင်းဟာ ဒီရာသီ တူရကီလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၂ နေရာ ရပ်တည်နေပေမယ့် တူရကီဖလားပြိုင်ပွဲမှာ ရလဒ်ကောင်း ရရှိထားသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 561
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
ချယ်လ်ဆီးအသင်းဂန္ထဝင် ဒရော့ဘာဟာ အသင်းဟောင်း ဂါလာတာစာရေးအသင်းက လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲထားတဲ့ သူ့ရဲ့နည်းပြဟောင်း မော်ရင်ဟိုဘက်ကနေ ရပ်တည်ပြီး ကာကွယ်မှုပြုလုပ်ခဲ့ပါတယ်။
ဒရော့ဘာက “ကျနော်ဟာ ဂါလာတာစာရေးအသင်းရဲ့ အဝါရောင်နဲ့ အနီရောင်ဂျာစီ ဝတ်ဆင်ရတာ ဘယ်လောက် အထိ ဂုဏ်ယူလဲဆိုတာ သိပါတယ်။ မော်ရင်ဟိုနဲ့ ပတ်သက်ပြီး မကြာသေးခင်က မှတ်ချက်တွေပေးတာကို တွေ့ခဲ့ ပါတယ်။ ကျနော်ဟာ သူနဲ့ ၂၅ နှစ်ကြာသိခဲ့ပြီး သူဟာ အရင်တုန်းကရော အခုရော လူမျိုးရေးခွဲခြားတဲ့သူ မဟုတ် ဘူးဆိုတာ သက်သေပြလို့ရပါတယ်။ ကျနော့်အဖေက ဘယ်လိုလုပ် လူမျိုးရေးခွဲခြားမှာလဲ၊ ကြယ် ၅ ပွင့် တပ်ဆင် နိုင်ဖို့သာ အာရုံစိုက်ပါ”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
ဂါလာတာစာရေးနဲ့ ဖီနာဘာချီအသင်းတို့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟို က ဂါလာတာစာရေးအသင်းရဲ့အရန်ခုံတန်းဟာ မျောက်တွေလို ခုန်ပေါက်နေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မော်ရင်ဟိုကို တွေ့ရစဉ်
အဲဒါကြောင့် ဂါလာတာစာရေးအသင်းက မော်ရင်ဟိုဟာ လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲကာ ရာဇဝတ်မှုဆိုင်ရာ အရေးယူမှုတွေပါ ပြုလုပ်ဖို့ စီစဉ်နေတာပါ။
ဒါအပြင် FIFA နဲ့ UEFA ကိုလည်း တရားဝင် တိုင်ကြားသွားမယ်လို့ သိရပါတယ်။
ဒီအချိန်မှာ ဂါလာတာစာရေးအသင်းရဲ့ ကစားသမားဟောင်းဖြစ်ခဲ့တဲ့ ဒရော့ဘာက သူ့ရဲ့နည်းပြဟောင်း မော်ရင်ဟို ကို ကာကွယ်ပေးခဲ့ပြီး သူ့အတွက် ဖခင်တစ်ဦးလိုဖြစ်ကြောင်း ပြောခဲ့တာပါ။
မော်ရင်ဟိုနဲ့ ဒရော့ဘာတို့ဟာ ချယ်လ်ဆီးအသင်းမှာ အတူလက်တွဲခဲ့ပြီး အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။
ဖီနာဘာချီအသင်းကလည်း မော်ရင်ဟိုအပေါ် ဂါလာတာစာရေးအသင်းရဲ့ စွပ်စွဲမှုကို ပြန်လည်တုန့်ပြန်ထားတာပါ။
မော်ရင်ဟိုဟာ တူရကီလိဂ်ကို ရောက်လာပြီးကတည်းက တူရကီဒိုင်လူကြီးတွေရဲ့ အရည်အသွေးတွေကို မကြာခဏ ဆိုသလို မေးခွန်းထုတ် ဝေဖန်မှုတွေ ပြုလုပ်နေပြီး ဂါလာတာစာရေးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှု တွေလည်း ရှိနေတာဖြစ်ပါ
တယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 450
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်ဟမ်က လာမယ့် နွေရာသီမှာ ဘာဖြစ်မလဲဆိုတာ မသိပေမယ့် ဂါလာတာစာရေး အသင်းမှာ ဆက်ရှိနိုင်မယ့် အရိပ်အမြွက် ပြောခဲ့ပါတယ်။
အိုဆင်ဟမ်က “ရိုးရိုးသားသား ပြောရရင် အနာဂတ်နဲ့ပတ်သက်ပြီး ကျနော် မသိပါဘူး။ လွန်ခဲ့တဲ့ လအနည်းငယ် ကလည်း ဂါလာတာစာရေးအသင်းကို ကျနော် လာမယ်လို့ ကျနော်ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး။ အခုလည်း နွေရာသီမှာ ဘာတွေဖြစ်မလဲဆိုတာ မသိပေမယ့် ဒီကလပ်ကို ကျနော် ချစ်တယ်ဆိုတာ လူတိုင်း နားလည်စေချင် ပါတယ်။ ပရိသတ်တွေရော အသင်းနဲ့ ပတ်သက်တဲ့သူ အားလုံးကိုရော ကျနော်ချစ်ပါတယ်။ ဒီမှာရှိနေရတဲ့ အချိန် တွေကို ကျနော်ပျော်ရွှင်တယ်”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီက နာပိုလီအသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ အိုဆင်ဟမ်ဟာ ဂါလာတာစာရေးအသင်း အတွက် ၂၆ ပွဲ ပါဝင်ကစားအပြီးမှာ သွင်းဂိုး ၂၀ သွင်းယူထားတာ ဖြစ်ပါတယ်။
အိုဆင်ဟမ်ဟာ နာပိုလီအသင်းအတွက် ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ၄ ရာသီမှာ သွင်းဂိုး ၇၆ ဂိုးသွင်းယူပြီး ခြေစွမ်း ပြသနိုင်ခဲ့ပေမယ့် နည်းပြကွန်တီနဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် အသင်းကနေ အငှားနဲ့ ထွက်ခွာခဲ့တာပါ။

အိုဆင်ဟမ်ကို တွေ့ရစဉ်
နာပိုလီအသင်းဟာ အိုဆင်ဟမ်အတွက် သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးရရင် လာမယ့်နွေရာသီမှာ ရောင်းချသွားဖို့ရှိနေပါတယ်။
တိုက်စစ်မှူးသစ် ခေါ်ယူချင်နေတဲ့ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့ဟာ အိုဆင်ဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေကြတာပါ။
ဒီ ၃ သင်းစလုံးဟာ တိုက်စစ်ပိုင်း အခက်အခဲတွေကြောင့် လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့က အိုဆင်ဟမ်ကို အငှားနဲ့ခေါ်ယူဖို့ အသင်းကို တိုက်တွန်းမှုတွေပြုလုပ်ခဲ့သေးတာပါ။
အိုဆင်ဟမ် ပါဝင်ကစားနေတဲ့ ဂါလာတာစာရေးအသင်းဟာ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားကို ဦးဆောင်ထားပေမယ့် ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 421
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အစ်စဝှစ်ချ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားလဲခံရချိန် ဥမင်ထဲကို တန်းပြီးဝင်သွားခဲ့တဲ့ ဂါနာချိုနဲ့ သူစကားပြောသွားမယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ဒီဖြစ်ရပ်အတွက် ကျနော် ဂါနာချိုနဲ့ စကားပြောသွားမှာပါ။ ခင်ဗျားတို့က ရက်ရှ်ဖို့ဒ်ရဲ့ အခြေအနေနဲ့ ချိတ်ဆက်ချင်နေတာမလား၊ ကျနော်သိပါတယ်။ ကျနော် ဂါနာချိုနဲ့ စကားပြောသွားမှာဖြစ်ပြီး လာမယ့် သတင်းစာ ရှင်းလင်းပွဲမှာ ခင်ဗျားတို့သိချင်ရင် ကျနော် ဒီအကြောင်းပြောမှာပါ။ ကျနော်တို့ဟာ လူစားလဲမယ့် လူကို ရွေးချယ်ရာမှာ တည်ကန်ဘောတွေ အကြောင်းကို စဉ်းစားရမှာဖြစ်ပြီး ဒါကြောင့် ဂါနာချိုကို လူစားလဲခဲ့တာပါ”လို့ ပြောခဲ့တာပါ။
ဂါနာချိုဟာ ယူနိုက်တက်အသင်းက အစ်စဝှစ်ချ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းရဲ့ပွဲထွက် လူစာရင်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဂါနာချိုကို တွေ့ရစဉ်
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ နောက်ခံလူသစ် ဒေါဂူတိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဂါနာချိုကို မက်ဇ်ရာအူရီနဲ့ လူစားလဲခဲ့ရတာပါ။
ဂါနာချိုဟာ လူစားလဲခံရချိန်မှာ စိတ်ပျက်ပြီး အဝတ်လဲခန်းဆီကို ဦးတည်တဲ့ ဥမင်ထဲကို တန်းပြီးဝင်သွားခဲ့တာ ဖြစ်ပါတယ်။
ဂါနာချိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်နဲ့အတူ လူစာရင်း ကနေ ချန်လှပ်ခြင်းခံခဲ့ရပေမယ့် အကောင်းဆုံးကြိုးစားခဲ့လို့ အသင်းလူစာရင်းထဲ ပြန်ပါဝင်ခွင့်ရခဲ့တာပါ။
ဒါပေမယ့် အာဂျင်တီးနားကစားသမားရဲ့ အစ်စဝှစ်ချ်အသင်းနဲ့ပွဲစဉ်က အပြုအမူကြောင့် လူစာရင်းကနေ ထပ်ပြီးတော့ ချန်လှပ်ခံရဖွယ်ရှိနေပြီး နည်းပြအာမိုရင်က သူနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အစ်စဝှစ်ချ်အသင်းနဲ့ပွဲမှာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် နိုင်ပွဲရယူနိုင်ခဲ့တာ ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂ ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးတာကို အဆုံးသတ်နိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ မတ်လ ၂ ရက်မှာ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 482
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
အာဆင်နယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ဂိုးမရှိ သရေကျပြီး ထိပ်ဆုံးနေရာက လီဗာပူးလ် အသင်းနဲ့ ၁၃ မှတ်အထိ ကွာဟသွားခဲ့ပေမယ့် နည်းပြအာတီတာက ဆုဖလားကို လက်လွှတ်ဖို့ ငြင်းဆန်ထား ပါတယ်။
အာတီတာက “လွန်ခဲ့တဲ့ တစ်ပတ်၊ လွန်ခဲ့တဲ့ နှစ်ပတ်၊ လွန်ခဲ့တဲ့ ၃ လလောက်ကလည်း ဒီလိုပါပဲ။ ကျနော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ကျနော်တို့ရဲ့ပွဲတွေကို အနိုင်ရယူပြီး ရမှတ်ဘယ်လောက် ရယူနိုင်မလဲဆို တာ ကြည့်ရမှာပါ။ ဒီပွဲမှာ ကျနော်တို့ ၂ မှတ်လျော့ခဲ့ပြီး နာကျင်ရပါတယ်။ အနိုင်ရယူဖို့ ရောက်ရှိလာခဲ့တာကြောင့် ခံစားချက် မကောင်းပါဘူး။ ကျနော်တို့ဟာ နိုင်ပွဲရရှိချင်တာကြောင့် နည်းလမ်းပေါင်းမျိုးစုံနဲ့ ကြိုးစားခဲ့သလို ပွဲကိုလည်း ကြီးစိုးနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ရမှတ် ၅ မှတ်အထိ လျော့ခဲ့ပြီး အဲဗာတန်၊ အက်စတွန်ဗီလာအသင်းတို့နဲ့ သရေကျခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ အမှတ်လျော့မှုကို အခွင့်ကောင်း မယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဖောရက်စ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးပေါက် ကန်သွင်းမှု အများအပြား ရှိခဲ့ပေမယ့် ဂိုးပေါက် တည့်မှု ၁ ကြိမ်သာ ရှိခဲ့တာကြောင့် ရမှတ် ၃ မှတ် ရယူနိုင်ခဲ့ခြင်းမရှိတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းဟာ နယူးကာဆယ် အသင်းကို ၂ ဂိုး-ဂိုး မရှိနဲ့အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းကို ၁ ပွဲပိုကစားပြီး ရမှတ် ၁၃ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ် အပါအဝင် ပရီးမီးယားလိဂ် ၁၁ ပွဲကစားဖို့ ကျန်ရှိနေ သေးတာကြောင့် နည်းပြအာတီတာက ဆုဖလားပြိုင်ပွဲအတွက် သူတို့ရဲ့ချဉ်းကပ်ပုံကို မပြောင်းလဲဘူးလို့ ပြောထားတာပါ။
အာဆင်နယ်အသင်းဟာ အဓိကတိုက်စစ် ကစားသမားတွေရဲ့ ဒဏ်ရာကြောင့် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၂ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖောရက်စ်အသင်းနဲ့ပွဲက ကစားပုံဟာ ဝက်စ်ဟမ်းအသင်း နဲ့ပွဲကထက် ပိုပြီးကောင်းတယ်လို့ ပြောထားပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ပွဲစဉ်အဖြစ် PSV အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 477
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်က အသင်းအနေနဲ့ လက်ရှိ ရွေးချယ်မှုတွေထက် ပိုပြီးကောင်းတဲ့ ပေါ့ဘာကို ထပ်ပြီးခေါ်ယူဖို့ အကြံပေးခဲ့ပါတယ်။
ဒွိုက်ယော့ခ်က “ကျနော်ဆိုရင် ပေါ့ဘာကို တတိယအခွင့်အရေးပေးမှာ သေချာပါတယ်။ သူ့ကို စာချုပ်ချုပ်လိုက်ပြီး သက်သေပြဖို့ အချိန်ရှိပါတယ်။ သူဟာ လာရောက်ကစားပြီး ကျနော်တို့ကို ကူညီပေးနိုင်တဲ့ အခြေအနေမှာ ပေါ့ဘာက အလွန်စိတ်အား ထက်သန်နေမယ်ဆိုတာ သေချာပါတယ်။ ပေါ့ဘာဟာ အသက် ၃၁ နှစ်ရှိပြီဖြစ်ပေမယ့် သူဟာ ကျနော်တို့မှာ ရှိတဲ့သူတွေထက် အများကြီး ပိုကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ ကစားသမားကို အလွတ်နဲ့ရရင် ခေါ်ယူလိုက်ပါ”လို့ ပြောခဲ့တာပါ။

ပေါ့ဘာကို တွေ့ရစဉ်
တားမြစ်ဆေး သုံးစွဲမှုကြောင့် ပွဲကစားခွင့် ပိတ်ပင်ခံထားရတဲ့ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်း ခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။
ယူနိုက်တက်အကယ်ဒမီထွက် ပေါ့ဘာဟာ ၂၀၁၂ ခုနှစ်မှာ အသင်းကနေ ထွက်ခွာပြီးနောက် ဂျူဗင်တပ်စ်အသင်း ထံ ပြောင်းရွှေ့ခဲ့တာပါ။
ဒါပေမယ့် ပေါ့ဘာဟာ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းကနေ ယူနိုက်တက်အသင်းထံ ပြန်လည်ပြောင်းရွှေ့ လာခဲ့တာဖြစ်ပါတယ်။
ပေါ့ဘာဟာ ယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရပြီး အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် စာချုပ်ကုန်ဆုံးတဲ့ ၂၀၂၂ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ပေါ့ဘာကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းကလည်း ချိတ်ဆက်မှုတွေ ရှိသလို မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း အပါအဝင် အသင်းအများအပြားက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ဒွိုက်ယော့ခ်ကတော့ ယူနိုက်တက်အသင်းအနေနဲ့ ပေါ့ဘာကို ပြန်လည်ခေါ်ယူဖို့ အကြံပေးခဲ့တာပါ။
ပေါ့ဘာဟာ မတ်လမှာ ဘောလုံးပွဲတွေ ပြန်ကစားခွင့် ရပြီဖြစ်လို့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို မကြာခင်ရက်ပိုင်းအတွင်း ကြေညာသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 425
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က အသလက်တီကိုအသင်းနဲ့ ၄ ဂိုးစီ သရေကျခဲ့တဲ့ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့အမှားတွေအတွက် ဆင်ခြေမရှိဘူးလို့ ပြောခဲ့ပါတယ်။
ဟန်ဆီဖလစ်က “ဘယ်လိုအခွင့်အရေးကိုမှ မပေးဖို့ ကစားသမားတွေကို သတိပေးခဲ့ပေမယ့် ရလဒ်အတွက် စိတ်ပျက်မိပါတယ်။ ကျနော်တို့ဟာ ဦးဆောင်နိုင်ချိန်မှာတောင် အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် နောက်ဆုံး မိနစ်အနည်းငယ်အတွင်းမှာ သူတို့ကို ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် အားလုံးက အချည်းအနှီး ဖြစ်ခဲ့ပါတယ်။ ပေးခဲ့ရတဲ့ ဂိုးတွေနဲ့ပတ်သက်ပြီး အဝတ်လဲခန်းထဲမှာ အများကြီး ပြောရမှာဖြစ်ပြီး အမှားတွေကို လည်း ပြင်ရမှာပါ။ အမှားတွေအတွက် ဆင်ခြေမရှိဘူး”လို့ စပိန်ရုပ်သံ TVE ကိုပြောခဲ့တာပါ။
၄ ဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲစဉ်မှာ အသလက်တီကိုအသင်းဟာ ပွဲချိန် ၆ မိနစ်အတွင်း အယ်လ်ဗာရက်ဇ်၊ ဂရစ်ဇ်မန်းတို့ ရဲ့ သွင်းဂိုးတွေနဲ့ ဘာစီလိုနာအသင်းကို ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ အနောက်ကနေလိုက်ပြီး ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူကာ ၄ ဂိုး-၂ ဂိုးနဲ့ ပြန်ပြီး ဦးဆောင်နိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ပွဲပြီးခါနီးမှာ အနိုင်ဂိုးကို မထိန်းနိုင်ခဲ့တဲ့အတွက် အသလက်တီကိုအသင်းက နောက်ကျ ချေပဂိုးတွေသွင်းပြီး ၄ ဂိုးစီ သရေရလဒ် ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ပေးဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် ဒေါသထွက်နေခဲ့ပြီး ပြိုင်ဘက် အသလက်တီကိုအသင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ ချီးကျူးခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီပွဲရလဒ်ကြောင့် ၂၀၂၅ ခုနှစ်ထဲ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၄ ပွဲစလုံး ရှုံးပွဲမရှိသေးဘဲ ၁၁ ပွဲ အနိုင်ရရှိကာ ၃ ပွဲသရေကျခဲ့တာပါ။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ဒုတိယအကျော့ပွဲစဉ်မှာ သူတို့နိုင်ပွဲရယူပြီး ဗိုလ်လုပွဲ တက်နိုင် မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောထားပါတယ်။
အသလက်တီကိုနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ဧပြီ ၃ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
Source: CNA
