CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက တိုက်စစ်မှူး ဟာရီကိန်းဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ မပါဝင်နိုင်ခဲ့ပေမယ့် ဆဲလ်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ကွန်ပနီက “ဟာရီကိန်းဟာ ဆိုးဆိုးရွားရွား မရှိပေမယ့် ပြန်လည် ကောင်းမွန်အောင်လုပ်ဖို့ ကျနော်တို့မှာ အချိန် အနည်းငယ်ပဲရှိပါတယ်။ အချိန်တွေ ထပ်ပြီးလိုအပ်ပေမယ့် ဟာရီကိန်း ဘယ်လိုခံစားနေရလဲဆိုတာကို ကျနော်တို့ မြင်တွေ့ရမှာပါ။ ကျနော်ကတော့ သူ့ရဲ့အခြေအနေ မဆိုးဘူးလို့ထင်ကြောင်း”ပြောခဲ့တာပါ။
ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ ပါဝင်ကစားထားပြီး ၂၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားတဲ့ ဟာရီကိန်းဟာ လေဗာကူဆင်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ မျက်နှာဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဟာရီကိန်းရဲ့ ဒဏ်ရာအခြေအနေအပေါ် စိုးရိမ်မှုတွေရှိနေသလို လေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်ခဲ့ တာကြောင့် ဆဲလ်တစ်အသင်းနဲ့ပွဲကို လွဲချော်နိုင်တယ်ဆိုပြီး ထင်မြင်မှုတွေလည်း ရှိလာတာပါ။
ကွန်ပနီကိုတွေ့ရစဉ်
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက ဟာရီကိန်းရဲ့ ဒဏ်ရာအခြေအနေ မဆိုးရွားတဲ့အတွက် ဆဲလ်တစ်အသင်းနဲ့ပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
ဒါအပြင် ကွန်ပနီက ဆဲလ်တစ်အသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်ဟာ သူတို့အတွက်ရော အသင်းအတွက်ပါ အလွန် အရေးပါတဲ့ပွဲဖြစ်ပြီး စကော့တလန်ကလပ်ဟာ အမြဲတမ်း အန္တရာယ်ရှိအောင် လုပ်နိုင်တဲ့အတွက် ရာနှုန်းပြည့် ကစားနိုင်ဖို့လိုအပ်တယ်လို့ ပြောခဲ့တာပါ။
ဆဲလ်တစ်အသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းက ဘိုင်ယန်မြူးနစ်အသင်းဟာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း အိမ်ကွင်းမှာ ကစားမယ့် ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: CNA