CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းဟာ ကွင်းလယ်လူ အဲရစ်ဆန်ရဲ့ နှလုံးအခြေအနေနဲ့ ပတ်သက်ပြီး အလွန်သတိထား နေရတယ်လို့ ပြောပါတယ်။ 

အာမိုရင်က “အဲရစ်ဆန်မှာ နှလုံးအခြေအနေရှိလို့ ဒါကို ကျနော်တို့ အလွန်သတိထားနေရပါတယ်။ အခုကတော့ နှလုံးနဲ့ပတ်သက်တဲ့ ကိစ္စမရှိပါဘူး။ အခုအချိန်မှာ သူဟာအဖျားရောဂါရှိနေလို့ သူ့ရဲ့နှလုံးခုန်နှုန်းကို ထိန်းရမယ်”လို့ ပြောခဲ့တာပါ။

ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းက စပါးအသင်းကို ၁ ဂိုး-ဂိုး မရှိနဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖျားနာနေတာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။

အဲရစ်ဆန် မပါဝင်နိုင်တာနဲ့အတူ အရန်အင်အားနည်းနေတဲ့ ယူနိုက်တက်အသင်းဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ လူငယ်ကစားသမား ၈ ဦးကို အရန်ကစားသမားအဖြစ် ခေါ်ဆောင်လာခဲ့ရတာ ဖြစ်ပါတယ်။ 

အဲရစ်ဆန်ကို တွေ့ရစဉ်

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အဲရစ်ဆန်ရဲ့ ကျန်းမာရေး အခြေအနေကို စွန့်စွားသွားမှာ မဟုတ်ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

အဲရစ်ဆန်ဟာ ၂၀၂၁ ခုနှစ်က ကစားခဲ့တဲ့ ဖင်လန်အသင်းနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွင်းထဲလဲကျခဲ့ပြီးနောက် နှလုံးထဲမှာ စက်ကိရိယာ တပ်ဆင်ပြီး ကစားနေရတာဖြစ်ပါတယ်။

အဲရစ်ဆန်ဟာ ဘရန်ဖို့ဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ ပြန်လာပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းက သူ့ကို ၂၀၂၂ ခုနှစ်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာပါ။ 

အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ ထွက်ခွာရဖို့ရှိနေပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူထားတဲ့ အဲရစ်ဆန်ဟာ ကျန်းမာရေး အခြေအနေကောင်းမွန်ရင် အဲဗာတန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်နိုင်မှာဖြစ်ပါတယ်။ 

Source: Goal