CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇

အယ်လ်အစ်တီဟတ်အသင်း တိုက်စစ်မှူး ဘန်ဇီမာဟာ ရီးရယ်လ်အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု ရယူနိုင်ဖို့ ပြိုင်ဆိုင်နေမှုကို တုန့်ပြန်ခဲ့ပါတယ်။ 

ဘန်ဇီမာက “ကျနော်ပြောချင်တာက ကျနော်ဟာ ဂိုးတွေသွင်းယူနိုင်ဖို့ စဉ်းစားနေတဲ့သူ မဟုတ်ဘူးဆိုတာပါ။ ရော်နယ်ဒိုနဲ့အတူ ဒီနေရာမှာ ရှိနေရတာက ကောင်းပေမယ့် ကျနော့်အတွက် ပိုပြီးအရေးကြီးတာက ပွဲတွေကို အနိုင်ရယူဖို့ပါ။ ဒါကြောင့် အသင်းအတွက် ကျနော်ထပ်ပြီး ဂိုးတွေသွင်းနိုင်ရင် ကျနော်ပျော်ရွှင်ပါတယ်”လို့ ဆော်ဒီပရိုလိဂ် တရားဝင် ဝက်ဘ်ဆိုက်ကို ပြောခဲ့တာပါ။

ဘန်ဇီမာဟာ ဒီရာသီမှာ အယ်လ်အစ်တီဟတ်အသင်းအတွက် ခြေစွမ်းပြသနေပြီး ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၁၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

ဘန်ဇီမာရဲ့ ရီးရယ်လ်အသင်းဖော်ဟောင်း ရော်နယ်ဒိုကလည်း အယ်လ်နာဆာအသင်းအတွက် သွင်းဂိုးတွေ သွင်းယူနေပြီး ဒီရာသီ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲမှာသွင်းဂိုး ၁၆ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။ 

ဘန်ဇီမာနဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်

အဲဒါကြောင့် ရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့အကြားမှာ သွင်းဂိုးကွာဟမှုက ၁ ဂိုးသာရှိတာဖြစ်ပါတယ်။ 

ဒါပေမယ့် ဘန်ဇီမာကတော့ ရွှေဖိနပ်ဆုထက် အယ်လ်အစ်တီဟတ်အသင်းကို နိုင်ပွဲတွေ ရယူပေးနိုင်ဖို့က သူ့အတွက် အရေးကြီးတယ်လို့ ပြောခဲ့တာပါ။

ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပွဲစဉ် ၂၀ စီ ကစားအပြီးမှာ အယ်လ်အစ်တီဟတ်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အယ်လ်ဟီလယ်အသင်းကို ၄ မှတ် အသာရကာ အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ရပ်တည်နေပါတယ်။ 

အယ်လ်နာဆာအသင်းကတော့ အယ်လ်အစ်တီဟတ်အသင်းနဲ့ ၈ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: Goal