CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

ဘရာဇီးလ်နဲ့ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်ဟာ ပေါ်တူဂီဒုတိယတန်း ကလပ်ကို ဝယ်ယူမှု အပြီးသတ်ကာ ရီးရယ်လ်အသင်းဖော် ဘတ်ပီရဲ့ ခြေရာအတိုင်း လိုက်နင်းခဲ့ပါတယ်။ 

ဗီနီစီးယက်စ် အပါအဝင် ဘရာဇီးလ်နဲ့ စပိန်ရင်းနှီးမြှုပ်နှံသူ အစုအဖွဲ့ဟာ ပိုင်ရှင်ဟောင်း ရီကာဒိုဆီကနေ သူ့ရဲ့ ရှယ်ယာတွေကို ဝယ်ယူပြီး ပေါ်တူဂီဒုတိယတန်းကလပ် အယ်လ်ဗာကာအသင်းကို လွှဲပြောင်းရယူမှု အပြီးသတ် ခဲ့တာပါ။

Record က အယ်လ်ဗာကာအသင်းဟာ ပိုင်ရှင်အသစ်တွေကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တရားဝင် မိတ်ဆက်သွားဖို့ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ CEO အဖြစ် တာဝန်ယူနေတဲ့ အော်နီလက်စ်ဟာ ၂၀၂၄-၂၅ ရာသီ အကုန်ထိ အယ်လ်ဗာကာ အသင်းကို စီမံခန့်ခွဲမှုတွေ ပြုလုပ်ရမှာပါ။ 

 ဗီနီစီးယက်စ်ကို တွေ့ရစဉ်

အယ်လ်ဗာကာအသင်းက ရီကာဒိုဟာ သူ့ရဲ့ရှယ်ယာတွေကို စပိန်နဲ့ ဘရာဇီးလ် ရင်းနှီးမြှုပ်နှံသူ အုပ်စုထံ ရောင်းချခဲ့တယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။ 

ဗီနီစီးယက်စ်ဟာ လက်ရှိ ရီးရယ်လ်အသင်း ကစားသမားတွေထဲမှာ ဥရောပကလပ်တွေရဲ့ ရှယ်ယာကို ဝယ်ယူခဲ့တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီက ဘတ်ပီဟာ ပြင်သစ်ဒုတိယတန်းကလပ် ကိန်းအသင်းရဲ့ ရှယ်ယာအများစုကို ယူရိုသန်း ၂၀ နဲ့ ဝယ်ယူမှု ပြုလုပ်ခဲ့ပြီး အသင်းရဲ့ ပိုင်ရှင်အစုအဖွဲ့ထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဗီနီစီးယက်စ်နဲ့ ဘတ်ပီတို့ဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်အတွက် ရီးရယ်လ်အသင်းနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။ 

ရီးရယ်လ်အသင်းဟာ ပထမအကျော့ ပွဲစဉ်တုန်းက မန်စီးတီးအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

Source: Goal