- By CNI
- Category: အားကစား
- Hits: 661
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၃
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက မန်ချက်စတာဒါဘီ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမယ့်ပွဲမှာ ယူနိုက်တက်အသင်း ဆီကနေ အကောင်းဆုံးတွေကို မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ကျနော် ယူနိုက်တက်ဆီကနေ အကောင်းဆုံးတွေကို မျှော်လင့်နေပါတယ်။ ဒါပေမယ့် ကျနော် အလွန် လေးစားတဲ့ ပြိုင်ဘက်တွေနဲ့ ပတ်သက်ပြီး သူတို့ဘာတွေ လုပ်နေလဲဆိုတာ ကျနော်ပြောမှာ မဟုတ်ပါဘူး။ ကျနော့် စကားနဲ့ပတ်သက်ပြီး လူတွေကိုနားလည်မှု မလွဲစေချင်ပါဘူး။ ကျနော်ဟာ သူတို့အကြောင်းကို သိပြီး အသင်းကိုရော နည်းပြကိုရော ကစားသမားတွေကိုပါ လေးစားပါတယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်း အိမ်ကွင်းမှာ ကစားခဲ့တုန်းက ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ အပါအဝင် နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ရလဒ် ရယူထားနိုင်ခဲ့ ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားမှာလည်း မန်စီးတီးအသင်းဟာ ယူနိုက်တက်အသင်းကို ရမှတ် ၁၅ မှတ်အထိ အသာရထားပေမယ့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက မြို့ခံပြိုင်ဘက်အသင်းကို လေးလေး စားစားနဲ့ ယှဉ်ပြိုင်သွားမှာလို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၈ ပွဲဆက်တိုက် ရှုံးပွဲမရှိထားသလို ယူနိုက်တက်အသင်း ကလည်း ၂၀၂၄ ခုနှစ်ထဲမှာ ရှုံးပွဲ ၁ ပွဲသာ ကြုံတွေ့ထားရတာ ဖြစ်ပါတယ်။
ဒီပွဲဟာ ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ် လက်ထက် ပထမဆုံး မန်ချက်စတာဒါဘီ ပွဲစဉ်ဖြစ်တာပါ။
ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်ကတော့ လာမယ့် ၃ နှစ်အတွင်း မန်စီးတီးအသင်းကို ယူနိုက်တက်အသင်း ကျော်ဖြတ်နိုင်ဖို့ ပစ်မှတ်ထားတယ်လို့ အင်တာဗျူးမှာ ပြောထားပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ရာသီမှာ ချန်ပီယံဆု ၅ ကြိမ် ရယူနိုင်ခဲ့ပြီး ဒီရာသီမှာ ထပ်မံရယူကာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံကို ၄ နှစ်ဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 782
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂
ဘိုင်ယန်မြူးနစ်အသင်းဟာ ဖရိုင်းဘတ်အသင်းနဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ သရေကျသွားခဲ့ပြီးနောက် နည်းပြ တူချယ်လ်က အသင်းရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်မှု ပြုလုပ်သွားခဲ့ပါတယ်။
တူချယ်လ်က “ကျနော်တို့ဟာ ပထမနာရီဝက်မှာ ကောင်းမွန်စွာ မကစားခဲ့တာကြောင့် အနောက်ကနေ လိုက်ကစားဖို့ ထိုက်တန်ပါတယ်။ ကျနော်တို့ဟာ ခြားနားတဲ့ စိတ်ပိုင်းဖြတ်မှုတွေနဲ့ ဒီမှာ ကစားချင်ခဲ့ပေမယ့် ဂိုးပေးရပြီးမှသာ ဒါကိုစလုပ်နိုင်ခဲ့တာပါ။ အရင်က မပြောဖူးတဲ့အရာတွေ မလုပ်ဖူးတဲ့အရာတွေကို ကျနော်တို့ လုပ်ခဲ့ပါတယ်။ ကျနော်တို့ ဒီမှာအနိုင်ရချင်တယ်ဆိုရင် တစ်ဝက်လောက် ကောင်းရုံနဲ့ မလုံလောက် ဘူး”လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲမှာ ဖရိုင်းဘတ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဖရိုင်းဘတ်အသင်းက ဦးဆောင်ဂိုး သွင်းယူခဲ့တာကို ဘိုင်ယန်မြူးနစ်အသင်းက ချေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ပွဲပြီးဖို့ မိနစ်အနည်းငယ်အလိုမှာ ချေပဂိုး ပြန်ပေးခဲ့ရတာကြောင့် အမှတ်ခွဲယူခဲ့ရတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲသရေကြောင့် အဆင့် ၁ နေရာက လေဗာကူဆင်အသင်းနဲ့ ၇ မှတ်ကွာဟနေပြီး လေဗာကူဆင်အသင်းသာ လာမယ့်ပွဲမှာ အနိုင်ရခဲ့ရင် ၁၀ မှတ်အထိ ကွာဟသွားတော့မှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရပြီး ရလဒ်တွေ ဆိုးရွားနေကာ နည်းပြ တူချယ်လ်ကလည်း ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ကြားရက်မှာကစားမယ့် လာဇီယိုအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အနိုင်ရလဒ်မရယူနိုင်ရင် ဆုဖလားလက်မဲ့နဲ့ ဒီရာသီကို အဆုံးသတ်ရတော့မှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ လာဇီယိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
Source: livescore
- By CNI
- Category: အားကစား
- Hits: 826
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂
ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်က မိုနာကိုအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ တိုက်စစ်မှူး ဘတ်ပီကို လူစားလဲခဲ့တာက သူ့ရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
လူးဝစ်အင်းနရစ်က “ကျနော်တို့ဟာ အနှေးနဲ့အမြန် ဘတ်ပီ မပါဝင်ဘဲ ကစားရမှာဖြစ်တာကြောင့် ကျနော်ဟာ အသင်းအတွက် အကောင်းဆုံး ရွေးချယ်မှုကို ရှာဖွေနေပါတယ်။ တစ်ခါတလေမှာ ကျနော်မှန်သလို တစ်ခါတလေ မှာ ကျနော်မှားနိုင်ပါတယ်။ ဘတ်ပီ မပါဝင်ဘဲ ကစားတာကို ကျနော်တို့ ကျင့်သားရနေဖို့လိုပါတယ်။ ကျနော်ဟာ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာဖြစ်ပြီး အငြင်းပွားမယ့် အရာတွေ မဖန်တီးချင်ပါဘူး။ ဒါက ကျနော့်ရဲ့ ဆုံးဖြတ်ချက်”လို့ပြောခဲ့တာပါ။
ဘတ်ပီဟာ ပြီးခဲ့တဲ့အပတ်က ရီးနတ်စ်အသင်းနဲ့ သရေကျခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာလည်း ပွဲချိန် ၆၅ မိနစ်မှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် နည်းပြလူးဝစ်အင်းနရစ်ဟာ ဘတ်ပီကို ၂ ပွဲဆက်တိုက် ပွဲချိန်ပြည့်အထိ အသုံးပြုခဲ့ခြင်းမရှိတာပါ။

ဘတ်ပီဟာ ဒီရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး ရီးရယ်လ်အသင်းနဲ့ အပြောင်း အရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီရာသီအကုန်မှာ ဘတ်ပီကို ဆုံးရှုံးရတော့မှာဖြစ်လို့ နည်းပြ လူးဝစ်အင်းနရစ်ဟာ ဘတ်ပီ မပါဝင်တဲ့ အသင်းကို ကြိုပြီးပြင်ဆင်နေတာပါ။
ဘတ်ပီဟာ အသင်းဟောင်း မိုနာကိုအသင်းနဲ့ ပွဲစဉ်ရဲ့ ပထမပိုင်း အပြီးမှာ လူစားလဲခံခဲ့ရပြီးနောက် အသင်းအရန်ခုံ ပေါ်မှာရှိမနေဘဲ ပွဲကြည့်စင်ပေါ်ကို သွားရောက်ကာ မိခင်ဖြစ်သူနဲ့အတူ ပွဲကိုကြည့်ရှုနေခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးဆုံးချိန်မှသာ ဘတ်ပီဟာ အသင်းဖော်တွေနဲ့ ကွင်းထဲမှာ ပြန်လည်ပူးပေါင်းခဲ့တာပါ။ ပီအက်စ်ဂျီအသင်းဟာ မိုနာကိုအသင်းနဲ့ သရေကျခဲ့ပေမယ့် ဒုတိယနေရာက ဘရက်စ်အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ၁၂ မှတ် အသာ ရကာ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဆိုစီဒက်အသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 666
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒဏ်ရာကြောင့် ၄ လကျော်ကြာ အနားယူခဲ့ရတဲ့ ကွင်းလယ်လူ ပါတေးဟာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်မယ်လို့ အတည်ပြု ခဲ့ပါတယ်။
အာတီတာက “ပါတေးဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမတိုင်ခင် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခဲ့သလို ပြီးခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲဒါကြောင့် ရှက်ဖီးယူနိုက်တက် အသင်းနဲ့ပွဲ အတွက် အသင်းလူစာရင်းမှာ သူပါဝင်နိုင်မှာပါ”လို့ ပြောခဲ့တာပါ။
ပါတေးဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် အောက်တိုဘာလကတည်းက အာဆင်နယ်အသင်းအတွက် ပါဝင် ကစားနိုင်ခြင်းမရှိသလို ဂါနာအသင်းနဲ့လည်း အာဖရိကဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တဲ့ ပါတေးပြန်လာမှာက အသင်းရဲ့ လူစာရင်းအင်အားကို ပိုပြီးအားကောင်းသွားမှာ ဖြစ်ပါတယ်။

အာတီတာကို တွေ့ရစဉ်
ဒါအပြင် ဒဏ်ရာကြောင့် အနားယူနေရတဲ့ နောက်ခံလူ ဇင်ချန်ကိုနဲ့ တိုမီယာဆုတို့လည်း အသင်းအတွက် ပြန်ပါဝင် နိုင်ဖို့ နီးစပ်နေပြီလို့ နည်းပြ အာတီတာက ပြောခဲ့တာပါ။
ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက် နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းရဲ့ အရန်လူစာရင်းမှာ ပြန်ပါဝင်လာခဲ့တဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်အနေနဲ့ ပွဲချိန်ပြည့်ကစားနိုင်ဖို့အတွက် အချိန်လိုအပ်သေးတယ်လို့ စပိန် လူမျိုးနည်းပြက ပြောခဲ့ပါတယ်။
ရှက်ဖီးယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၂၀ နေရာမှာ ရပ်တည်နေတာကြောင့် တန်းဆင်းဇုန်က လွတ်မြောက်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် ဒီပွဲစဉ်ဟာ အာဆင်နယ်အသင်းအတွက် ခက်ခဲနိုင်တယ်လို့ အာတီတာ က ပြောထားတာပါ။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ ပွဲ ကစားအပြီးမှာ ၅၈ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၂ မှတ်ကွာဟနေတာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 583
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁
လာလီဂါဥက္ကဋ္ဌ တီဘက်စ်က ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းထံ အငှားလာရောက် ကစားနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို စပိန်မှာ ဆက်ရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။
တီဘက်စ်က “ဂရင်းဝုဒ်ဟာ အလွန်ကောင်းမွန်စွာ လုပ်ဆောင်နေတာကြောင့် ကျနော်က သူ့ကို စပိန်မှာ ဆက်ပြီး ရှိနေဖို့ မျှော်လင့်ပါတယ်။ ဒါက ကျနော်တို့ စပိန်ဘောလုံးလောကအတွက် ကောင်းမွန်တယ်”လို့ လန်ဒန်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းထံ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ သူ့အပေါ် စွဲချက်တင်ထားတဲ့ မုဒိမ်းမှုစွဲချက် အပါအဝင် စွဲချက်တွေ အားလုံးကနေ လွတ်မြောက်ခဲ့ ပေမယ့် ယူနိုက်တက်အသင်းရဲ့ အတွင်းပိုင်းစုံစမ်းစစ်ဆေးမှုခံရပြီးနောက် အသင်းကနေ ထွက်ခွာခဲ့တာပါ။

လာလီဂါဥက္ကဋ္ဌ တီဘက်စ်ကို တွေ့ရစဉ်
ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က ဂရင်းဝုဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် အသစ်ကို ချမှတ်သွားမယ်လို့ မကြာသေးခင်က ပြောထားတာပါ။
ဒါပေမယ့် အမျိုးသမီး အဖွဲ့အစည်းအချို့က ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီးပြောခဲ့တဲ့ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ မှတ်ချက် စကားနဲ့ ပတ်သက်ပြီး အဖြေပေးဖို့ ယူနိုက်တက်အသင်းထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းထံ ပြန်လာဖွယ်မရှိတော့ဘူးလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။
တီဘက်စ်က “တရားစီရင်ရေး လုပ်ငန်းစဉ်ကို လေးစားသင့်ပြီး ဥပဒေကြောင်းအရ ဆုံးဖြတ်ချက်ကို လေးစားရမှာ ပါ။ တခြားအကြောင်း ပြောနေစရာ မရှိပါဘူး။ သူ့မှာ အပြစ်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ပြီးသားဖြစ်တဲ့အတွက် ကျနော်ကတော့ ဂရုမစိုက်ဘူး”လို့ ပြောခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ၂၅ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ ၅ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 743
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးဟာ အာဆင်နယ်အသင်းနည်းပြ အာတီတာကိုအနိုင်ရပြီး ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်တဲ့ London Football Awards မှာ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရရှိသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဆဲလ်တစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ပိုစတီကိုဂလူးဟာ စပါးအသင်းကို ရလဒ်တွေ ကောင်းအောင် ကိုင်တွယ်ပေးထားတာကြောင့် ဒီဆုကို ရရှိခဲ့တာပါ။
စပါးအသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းကို ဘိုင်ယန်မြူးနစ်အသင်းထံ ရောင်းချခဲ့ပေမယ့် ပိုစတီကိုဂလူးဟာ အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၅ နေရာ ရပ်တည်နိုင်အောင် ကိုင်တွယ်ပေးထားတာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဥရောပဝင်ခွင့် လွဲချော်ခဲ့ပြီးနောက် ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပစ်မှတ် ထားနေတာပါ။
အာတီတာဟာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂ နှစ်ဆက်တိုက် ချန်ပီယံဆု စိန်ခေါ်နိုင်အောင် ကိုင်တွယ်ပေးထားပေမယ့် ပိုစတီကိုဂလူးဟာ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်က တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။

ပိုစတီကိုဂလူးကို တွေ့ရစဉ်
ဒီကလန်ရိုက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းအသင်းကို ယူရိုပါကွန်းဖရန့်လိဂ်ဖလား ရရှိအောင် ဦးဆောင် ပေးနိုင်ခဲ့ပြီး ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းဖော်ဟောင်း ဘိုဝင်၊ စပါးအသင်းက ဗီကာရီယိုနဲ့ ပေါ်ရို၊ အာဆင်နယ်အသင်းက ဆာလီဘာတို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာပါ။
တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကိုးလ်ပါလ်မာက ရရှိခဲ့ပါတယ်။
ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ၃၄ ပွဲ ကစားထားပြီး ၁၄ ဂိုးသွင်းယူကာ ၉ ဂိုးဖန်တီးထားတာပါ။
တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆုကိုတော့ စပါးအသင်းအတွက် လက်စွမ်းပြသနေတဲ့ ဗီကာရီယိုက ရရှိသွား ခဲ့ပါတယ်။
ဗီကာရီယိုဟာ ဝက်စ်ဟမ်းအသင်း ဂိုးသမား အေရီယိုလာ၊ ဖူလ်ဟမ်အသင်းဂိုးသမား လီနိုနဲ့ ပဲလေ့စ်အသင်း ဂိုးသမား ဆမ်ဂျွန်စတုန်းစ်တို့ကို အနိုင်ရပြီး ဒီဆုကို ရယူနိုင်ခဲ့တာပါ။
ချယ်လ်ဆီး အမျိုးသမီးအသင်းက လော်ရန်ဂျိမ်းစ်ဟာ WSL အမျိုးသမီးတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု၊ ဘီဗာဂျုံးစ်က အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 891
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁
ယူနိုက်တက်အသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အသင်းအတွက် သူ့ရဲ့ကတိကဝတ်အပေါ် မေးခွန်းထုတ်နေကြတဲ့ ဝေဖန်တဲ့သူတွေကို တုန့်ပြန်လိုက်ပြီး မေးခွန်းထုတ်တဲ့ သူတွေအနေနဲ့ လူသားဆန်မှုကို ပြဖို့လိုတယ်လို့ ပြောလိုက် ပါတယ်။
ရက်ရှ်ဖို့ဒ်က “ယူနိုက်တက်အတွက် ကျနော့်ရဲ့ ကတိကဝတ်ကို ခင်ဗျားတို့ဘက်က မေးခွန်းထုတ်ရင် ကျနော့် ဘက်ကလည်း ပြောစရာရှိပါတယ်။ ဒါဟာလူတစ်ဦးက ကျနော့်ရဲ့ အထောက်အထား တစ်ခုလုံးကို မေးခွန်း ထုတ်နေသလိုပါပဲ။ ကျနော်ဟာ ဒီမှာကြီးပြင်းလာခဲ့ပြီး ကလေးဘဝကတည်းက ဒီမှာပဲ ကစားခဲ့တာပါ။ ကျနော် ဒီတံဆိပ်ကို ဝတ်ဆင်လိုက်တဲ့အချိန်မှာ ကျနော့်မိသားစုရဲ့ ငွေကြေးဘဝကလည်း ပြောင်းလဲသွားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၅ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ဝေဖန်မှုတွေခံနေရတာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့လက မြောက်အိုင်ယာလန်ရှိ နိုက်ကလပ်ကို သွားရောက်ပြီးနောက် နယူးပေါ့တ်အသင်းကို အနိုင်ရခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ FA ဖလားပွဲစဉ်ကို လွဲချော်ခဲ့တာပါ။
ယူနိုက်တက်အသင်း အကယ်ဒမီထွက် ရက်ရှ်ဖို့ဒ်ဟာ အသက် ၁၈ နှစ်အရွယ် ၂၀၁၆ ခုနှစ်မှာ အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
အသက် ၂၆ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းအတွက် ၃၉၁ ပွဲ ပါဝင်ကစားထားပြီး ၁၂၈ ဂိုး သွင်းယူထားတာပါ။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ဂိုး ၃၀ သွင်းယူခဲ့ပြီး သူ့ရဲ့ကစားသမားဘဝ အကောင်းဆုံးပုံစံကို ရရှိခဲ့ပေမယ့် ဒီရာသီမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး ရလဒ်တွေ မတည်မငြိမ်ဖြစ်နေတဲ့ အသင်းကို အကူအညီ ပေးနိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၆ ပွဲ ကစားအပြီးမှာ အဆင့် ၆ နေရာ ရပ်တည်နေတာပါ။
ရက်ရှ်ဖို့ဒ်က “ဝေဖန်မှုတွေမှန်သမျှကို ကျနော်ခံနိုင်ပါတယ်။ ခေါင်းကြီးပိုင်းအဖြစ် ဖော်ပြတာ၊ ဆိုရှယ်မီဒီယာနဲ့ သတင်းစာတွေမှာ ရေးတာကို ကျနော်ခံနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အပေါ် ကျနော့်ရဲ့ ကတိကဝတ်၊ ဘောလုံးကို ချစ်တဲ့စိတ်နဲ့ ကျနော့်မိသားစုကိုပါ ဆွဲထည့်လာပြီဆိုရင်တော့ ခင်ဗျားတို့ကို လူသားဆန်တဲ့ စိတ် အနည်းငယ်ရှိဖို့ကိုပဲ တောင်းဆိုချင်တယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 755
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီဟာ ဒီရာသီအကုန်မှာ ရီးရယ်လ်အသင်းထံပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့တယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဘတ်ပီဟာ ပြင်သစ်သမ္မတ မက်ခရွန်စီစဉ်ထားတဲ့ ညစာစားပွဲကို တက်ရောက်ဖို့ Elysee နန်းတော်ကို ရောက်ရှိ လာချိန်မှာ ရီးရယ်လ်အသင်းထံပြောင်းရွှေ့မယ့် အလားအလာနဲ့ ပတ်သက်ပြီးမေးမြန်းခံခဲ့ရတာပါ။ ဒီ ညစာစားပွဲကို ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ၊ ကာတာဘုရင် ရှိတ်ဟာမတ်အယ်လ်သာနီနဲ့ အခြားထိပ်တန်း အားကစားသမားအများအပြား တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဘတ်ပီကတော့ ရီးရယ်လ်အသင်းနဲ့ အပြောင်း အရွှေ့သဘောတူညီမှုရရှိခဲ့တာကို ငြင်းခဲ့တယ်လို့ RMC Sport က ဖော်ပြခဲ့တာပါ။

ဒါပေမယ့် ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့ မယ့်အကြောင်းကို အသင်းတာဝန်ရှိသူတွေ၊အသင်းဖော်တွေကို အသိပေးပြီးဖြစ်ပါတယ်။ စပိန်သတင်းတွေ အများအပြားက ဘတ်ပီဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ ဖော်ပြ ခဲ့သလို လာလီဂါအကြီးအကဲ တီဘတ်စ်က ပြင်သစ်တိုက်စစ်မှူးဟာ ရီးရယ်လ်အသင်းထံပြောင်းရွှေ့ဖို့ ၉၉ ရာခိုင်နှုန်းသေချာတယ်လို့ ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းကလည်း ဒီရာသီအကုန်မှာ ဘတ်ပီအသင်းကနေ ထွက်ခွာမှာကို လက်ခံထားပြီး သူ့နေရာမှာ အစားထိုးမယ့် ကစားသမားသစ်တွေကို စာရင်းပြုစုထားတာပါ။ ကာတာဘုရင် ရှိတ်ဟာမတ်အယ်လ်သာနီက Elysee နန်းတော်မှာ ဘတ်ပီကို ကံကောင်းပါစေဆိုပြီးဆုတောင်းပေးခဲ့ကြောင်းလည်း RMC Sport က ဖော်ပြ ထားတာဖြစ်ပါတယ်။ ဘတ်ပီဟာ လက်ရှိအချိန်မှာ ဒီအပြောင်းအရွှေ့ကို တရားဝင်ကြေညာခြင်းမရှိသေးဘဲ ပီအက်စ်ဂျီအသင်းနဲ့အတူ ဒီရာသီမှာ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ထိပ်ဆုံးနေရာဦးဆောင်နေသလို ပြင်သစ်ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကိုရောက်ရှိနေပြီး ပထမအကျော့က ဆိုစီဒက်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 872
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉
နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ FA ဖလားပွဲစဉ်မှာ ဂိုးရဖို့ရုန်းကန်ခဲ့ရတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့ ဂိုးရှေ့မှာ ပိုပြီးရက်စက်ဖို့ ယူနိုက်တက်အသင်းဂန္ထဝင် ဝိန်းရွန်နီက တိုက်တွန်းခဲ့ပါတယ်။
ဝိန်းရွန်နီက “ရက်ရှ်ဖို့ဒ်အနေနဲ့ ပိုပြီးရက်စက်ဖို့လိုသလို စိတ်ရှည်သည်းခံပြီး ဂိုးရှေ့မှာနေရမှာပါ။ ကျနော်တို့ သူ့ဆီကနေ ပိုပြီးလုပ်ပြနိုင်တာကို မြင်ချင်ပါတယ်။ ယုံကြည်မှုရှိဖို့ကတော့ အဓိကအချက်ပါ။ သူဟာ ဒီရာသီမှာ ပုံမှန်ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါဘူး။ သူဟာ အသံကျယ်ကျယ် ပြောတက်တဲ့သူ မဟုတ်သလို သူ့ရဲ့ ခန္ဓာကိုယ် ဘာသာစကားကလည်း ကြည့်လို့မကောင်းပါဘူး။ စီနီယာ ကစားသမားတွေက သူ့ဆီက ပိုကောင်းတဲ့ အရာတွေ ရယူအောင် လုပ်ဆောင်ဖို့လိုတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဟော့ဂျ်လန်း ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့အတွက် နည်းပြ အဲရစ်တန်ဟတ်ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အင်္ဂလန်တိုက်စစ်မှူးဟာ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ကတ်စမဲရိုးရဲ့ သွင်းဂိုးကြောင့်သာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရရှိခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
အသက် ၂၆ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံဂိုး ၃၀ သွင်းယူနိုင်ခဲ့တာကြောင့် ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ သူ့ဆီကနေ သွင်းဂိုးတွေ အများကြီး မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီ ပြိုင်ပွဲစုံ ၃၂ ပွဲ ကစားအပြီးမှာ ၅ ဂိုးသာ သွင်းယူထားနိုင်ကာ သူ့ရဲ့ကစားသမား ဘဝ အဆိုးရွားဆုံး အခြေအနေတွေနဲ့ ပြန်လည်ရင်ဆိုင်နေရတာပါ။
အဲဒါကြောင့် ဝိန်းရွန်နီက အသင်းဖော်ဟောင်း ရက်ရှ်ဖို့ဒ်ကို အကြံပေး တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ကွင်းအတွင်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ကွင်းပြင်ပ ကိစ္စရပ်တွေကြောင့်လည်း အသင်းရဲ့ အရေးယူခြင်းကို ခံထားရတာပါ။
ရက်ရှ်ဖို့ဒ်ဟာ မန်စီးတီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ အထောင် တိုက်စစ်မှူးအဖြစ် ပွဲထွက်လာမှာဖြစ်လို့ ဝေဖန်မှုတွေကို သွင်းဂိုးတွေနဲ့ သက်သေပြဖို့ လိုအပ်နေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 739
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉
ပရီးမီးယားလိဂ် ပြိုင်ဘက်ကြီး ၂ သင်းဖြစ်တဲ့ ယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ FA ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံနေပြီ ဖြစ်ပါတယ်။
FA ဖလားကွာတားဖိုင်နယ်အတွက် မဲခွဲမှုကို ပဉ္စမအဆင့်ပွဲစဉ်တွေ မယှဉ်ပြိုင်ခင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ပြိုင်ဘက်အသင်းတွေကို အနိုင်ရခဲ့လို့ တွေ့ဆုံကြရတော့မှာပါ။
ယူနိုက်တက်အသင်းဟာ ပဉ္စမအဆင့်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းက ဆောက်သမ်တန်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အခြား ကွာတားဖိုင်နယ် ပွဲစဉ်တွေအဖြစ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းက နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။
မန်စီးတီးအသင်းဟာ ပဉ္စမအဆင့်မှာ လူတန်အသင်းကို ၆ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နယူးကာဆယ်အသင်းက ဘလက်ဘန်းအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်
နောက်ထပ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးနဲ့ လက်စတာအသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပဉ္စမအဆင့်မှာ လိဒ်စ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး လက်စတာအသင်းက ဘုန်းမောက်အသင်းကို အချိန်ပိုမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
နောက်ထပ် ပွဲစဉ်ကတော့ ဝုလ်ဗ်စ်နဲ့ ကိုဗင်ထရီအသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ပဉ္စမအဆင့်မှာ ဝုလ်ဗ်စ်အသင်းဟာ ဘရိုက်တန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ကိုဗင်ထရီအသင်းက မစ်စတုန်းအသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
ကိုဗင်ထရီအသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၉ နေရာ ရပ်တည်နေတာကြောင့် FA ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်လာတဲ့ အသင်းတွေထဲမှာ အဆင့်အနိမ့်ဆုံး အသင်းအဖြစ် ရှိနေပါတယ်။
FA ဖလားကွာတား ဖိုင်နယ်ပွဲစဉ်တွေကို မတ်လ ၁၆ ရက်မှာ ကျင်းပဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Source: ESPN
