CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၅
အင်္ဂလန်တောင်ပံကစားသမား ရက်ရှ်ဖို့ဒ်က လက်ရှိရာသီထက် ကျော်လွန်ပြီး ဘာစီလိုနာအသင်းမှာ ဆက်နေ ချင်တယ်လို့ ယူနိုက်တက်အသင်းကို ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်က “ဘာစီလိုနာအသင်းမှာ ဆက်နေချင်တယ်ဆိုတာ သေချာပါတယ်။ ဒီဘောလုံးအသင်းကို ကျနော် နှစ်သက်ပြီး ဘောလုံးကို ချစ်တဲ့သူတိုင်းအတွက် ဘာစီလိုနာအသင်းဟာ ဘောလုံးသမိုင်းမှာ အဓိက အသင်း တွေထဲက တစ်သင်းလို့ ကျနော်ထင်ပါတယ်။ ကစားသမားတစ်ဦးအတွက် ဒါကဂုဏ်ယူစရာပါပဲ”လို့ ESPN ကို ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်အသင်းကနေ အငှားနဲ့ ခေါ်ယူခဲ့ပြီး လာမယ့် နွေရာသီမှာ ပေါင် ၂၈ သန်းနဲ့ အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိနေတာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားအပြီးမှာ ၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြူလုပ်ပြီး ခြေစွမ်းပြသနေတာပါ။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး ဘာစီလိုနာအသင်းက သူ့ကို အပြီးသတ် ခေါ်ယူဖွယ် ရှိ/မရှိကို ရာသီကုန်ခါနီးမှာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၈ အထိ စာချုပ်ရှိနေပေမယ့် နည်းပြအာမိုရင် လက်ထက်မှာ အသင်း အတွက် ပြန်လည်ကစားပေးဖို့ အခွင့်အရေး မရှိတော့တာပါ။
ရက်ရှ်ဖို့ဒ်က သူဟာ အသက် ၇ နှစ် အရွယ်ကတည်းက ယူနိုက်တက်အသင်းမှာ ရှိခဲ့တာကြောင့် သူ့ရဲ့ ကစားသမား ဘဝကို ပြောင်းလဲဖို့ အချိန်တန်ပြီလို့ ခံစားခဲ့ရကြောင်း ပြောခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ယူနိုက်တက် အသင်းကြီးအတွက် ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ၄၂၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၃၈ ဂိုးသွင်းယူကာ FA ဖလား၊ ကာရာဘောင်းနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရရှိခဲ့ပါတယ်။
Source: metro
