CNI International News

ရှန်ဟိုင်း၊ အောက်တိုဘာ ၂၅

တရုတ်နိုင်ငံသည် လာမည့် ၅ နှစ်အတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍကို ပိုမိုခိုင်မာစေရန်နှင့် အဆင့်မြှင့်တင် မွမ်းမံ မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ထိပ်သီး အရာရှိများက အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့ သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုအစီအစဉ်အရ တရုတ်၏ စက်မှုလုပ်ငန်းကို ပိုမိုခေတ်မီ တိုးတက်စေရန်နှင့် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ၊ စက် ယန္တရားများနှင့် ပြန်ပြည့်မြဲ စွမ်းအင်ကဲ့သို့ နည်းပညာမြင့် လုပ်ငန်းများတွင် မိမိကိုယ်ကိုယ် မှီခိုအားထားမှုကို ပိုမို ခိုင်မာစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

တရုတ်အရာရှိများကလည်း ကုန်ထုတ်စွမ်းအားသည် တရုတ်စီးပွားရေးအတွက် အဓိကကျောရိုးဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် သံမဏိ၊ သင်္ဘောတည်ဆောက်မှု၊ ဓာတုပစည်းများကဲ့သို့ သမားရိုးကျ စက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ကွမ်တမ်နည်းပညာ၊ ဇီဝထုတ်ကုန်များကဲ့သို့ ကဏ္ဍသစ်များကို လည်း ဦးစားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်၏ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်အစိုးရသည် ရေရှည်ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မက်လုံးများ အပါအဝင် နည်းပညာမြင့် ကုန်ထုတ်စွမ်းအားအတွက် ဘဏ္ဍာရေး ထောက်ပံ့မှုများ ပိုပေးမည်ဟု ကတိပြုခဲ့သည်။

တရုတ် ကုန်ထုတ်လုပ်ငန်း တစ်ခုကိုတွေ့ရစဉ်

မည်သို့ပင်ဆိုစေ ထိုကတိကဝတ်သည် တရုတ်၏ ထုတ်ကုန်များ အလျှံအပယ် ထွက်ရှိလာမှုအပေါ် ကမ္ဘာလုံး ဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်နေခြင်းကို လျှော့ချနိုင်ဖွယ်မရှိပေ။

အထူးသဖြင့် တရုတ်လုပ် လျှပ်စစ်ကားများ၊ ဆိုလာပြားများနှင့် ဘက်ထရီများသည် ပြည်ပစျေးကွက်များတွင် အစုလိုက်အပြုံလိုက် ရောက်ရှိနေသဖြင့် အမေရိကန်၊ ဥရောပနိုင်ငံများနှင့် ကုန်သွယ်ရေး တင်းမာမှုများ မြင့်တက်နေသည်။

စီးပွားရေးပညာရှင်များကမူ တရုတ်တွင် ပြည်တွင်းဝယ်လိုအား လျော့ကျနေပြီး ပို့ကုန်ကဏ္ဍ နှေးကွေးနေမှုနှင့် အတူ စီးပွားရေးသည် ရုန်းကန်နေရချိန်၌ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ရန် အာရုံစိုက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်၏ ရည်ရွယ်ချက်သည် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အရေအတွက်မှ အရည်အသွေးသို့ ကူးပြောင်းရန်ဖြစ်ပြီး ဆန်းသစ်တီထွင်မှုနှင့် ကုန်ထုတ် စွမ်းအားမှတဆင့် ရေရှည်စီးပွားရေး တည်ငြိမ်မှုကို စိတ်ချသေချာစေရန် ဖြစ်ကြောင်း ကာဂျစ်စတန်နိုင်ငံ  Ala-Too နိုင်ငံတကာတက္ကသိုလ် ( Ala-Too International University) မှ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် Kubanychbek Taabaldiev က ဆင်ဟွာသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

Source: Nikkei Asia