- By CNI
- Category: အားကစား
- Hits: 649
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၂
အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အယ်လ်အိန်းအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
အာရှချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ဒီပွဲမှာ အယ်လ်နာဆာအသင်းဟာ အယ်လ်အိန်းအသင်းကို ပွဲချိန်အတွင်း ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပထမအကျော့အဖြစ် ကစားခဲ့တုန်းက အယ်လ်အိန်းအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ ပေါင်းရလဒ် ၃ ဂိုးစီ သရေကျနေလို့ အချိန်ပိုဆက်ပြီး ကစားခဲ့ရတာဖြစ်ပါတယ်။
အချိန်ပိုမှာ အယ်လ်အိန်းအသင်းက ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ရော်နယ်ဒိုက အယ်လ်နာဆာအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့လို့ ၄ ဂိုးစီသရေနဲ့ ပင်နယ်တီ အဆုံးအဖြတ်ခံယူ ခဲ့ရတာပါ။
ပင်နယ်တီမှာ အယ်လ်နာဆာအသင်းက ရော်နယ်ဒို တစ်ဦးတည်းသာ ဂိုးဝင်ခဲ့ပြီး ဘရိုဇိုဗစ်၊ တဲလက်စ်နဲ့ အော်တာဗီယိုတို့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။
အယ်လ်အိန်းအသင်းကတော့ ပင်နယ်တီ ၃ ဂိုးစလုံး ဂိုးဝင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့တာပါ။

ရော်နယ်ဒို ဂိုးမသွင်းနိုင်ခဲ့တဲ့အနီးကပ် မြင်ကွင်းကို တွေ့ရစဉ်
အယ်လ်အိန်းအသင်းဟာ ဆီမီးဖိုင်နယ်မှာ အယ်လ်ဟီလယ်နဲ့ အယ်လ်အစ်တီဟတ်အသင်းတို့က ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဒီပွဲမှာ ဂိုးပေါက်နဲ့ ၃ ကိုက် အကွာသာရှိတဲ့ အခွင့်အရေး ကောင်းကို လွဲချော်ခဲ့တဲ့အတွက် သူ့ကိုယ်သူတောင် မယုံကြည်နိုင်ဖြစ်နေခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၁၂ မှတ် ကွာဟနေတာကြောင့် အမှတ်ပေးလိဂ်ကို လက်လွှတ်ရဖို့ သေချာနေသလို အခု အာရှချန်ပီယံလိဂ်ပြိုင်ပွဲကပါ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် အယ်လ်နာဆာအသင်း အနေနဲ့ ဆော်ဒီဘုရင့်ဖလားပြိုင်ပွဲနဲ့ ဆော်ဒီစူပါဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ဖို့သာ အာရုံစိုက်ရတော့မှာပါ။
အယ်လ်နာဆာအသင်းဟာ မတ်လ ၁၅ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်အာလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 632
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၁
လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလက်ဟာ အခုလထဲ ယှဉ်ပြိုင်မယ့် ခြေစမ်းပွဲပြိုင်ပွဲအတွက် အီဂျစ် လူစာရင်းကနေ ထွက်ခွာခဲ့ပါတယ်။
ဆာလက်ဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာကြောင့် UAE မှာကျင်းပမယ့် ပြိုင်ပွဲမှာ မရွေးချယ်ဘဲ အနားပေးဖို့ လီဗာပူးလ်အသင်းက အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုခဲ့တာပါ။
လီဗာပူးလ်အသင်းရဲ့ တောင်းဆိုမှုကို လျစ်လျူရှုပြီး အီဂျစ်အသင်းဟာ ဆာလက်ကို သူတို့ရဲ့ ကနဦး လူစာရင်းမှာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အီဂျစ်အသင်းရဲ့ အပြီးသတ် ၂၅ ဦး လူစာရင်းမှာတော့ ဆာလက် ပါဝင်လာခဲ့ခြင်းမရှိတော့တာပါ။
ဆာလက်ဟာ ပြီးခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာ အီဂျစ်အသင်းအတွက် ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့တာကြောင့် လီဗာပူးလ်အသင်းထံ ပြန်လာပြီး ကုသမှုတွေခံယူခဲ့ရတာ ဖြစ်ပါတယ်။

ဆာလက်ကို တွေ့ရစဉ်
ဆာလက်ဟာ ဖေဖော်ဝါရီ ၁၇ ရက်မှာ ကစားတဲ့ ဘရန်ဖို့ဒ်အသင်းနဲ့ပွဲမှာ လီဗာပူးလ်အသင်းအတွက် ပါဝင်ကစား နိုင်ခဲ့ပေမယ့် ဒဏ်ရာထပ်ပြီး ရခဲ့တာကြောင့် အနားယူခဲ့ရပြီး စပါတာပရက်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှ ပြန်လည်ပါဝင် ကစားနိုင်ခဲ့တာပါ။
ဆာလက်ဟာ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ်မှာလည်း လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အီဂျစ်အသင်းပါဝင်မယ့် Winsunited Cup ပြိုင်ပွဲကို အဘူဒါဘီမှာ မတ် ၂၂ ရက်ကနေ ၂၆ ရက်အထိ ကျင်းပ သွားမှာဖြစ်ပြီး နယူးဇီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဒီပွဲရဲ့ ရလဒ်ပေါ်မူတည်ပြီး အီဂျစ်အသင်းဟာ ခရိုအေးရှား ဒါမှမဟုတ် တူနီးရှားအသင်းတို့ပွဲစဉ်က အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဆာလက်ဟာ နိုင်ငံတကာပွဲစဉ် အချိန်အတွင်းမှာ လီဗာပူးလ်အသင်းနဲ့ လေ့ကျင့်မှုတွေဆက်ပြီး ပြုလုပ်ဖို့ ရှိနေတာပါ။
ဆာလက်ဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် ပွဲစဉ်တွေ အများအပြားကို လွဲချော်ခဲ့ပေမယ့် ၁၉ ဂိုး သွင်းယူပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 606
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၁
တားမြစ်ဆေးသုံးစွဲမှုကြောင့် ဘောလုံးကစားခွင့် ၄ နှစ်ကြာပိတ်ပင်ခံထားရတဲ့ ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ပေါ့ဘာဟာ ရုရှားမှာကစားဖို့ ကမ်းလှမ်းမှုရရှိထားတယ်လို့ Tuttosport က ဖော်ပြထားပါတယ်။
၄ နှစ်ကြာပိတ်ပင်မှုကို အယူခံဝင်ထားတဲ့ ပေါ့ဘာဟာ ဒဏ်ရာတွေ၊ကံဆိုးမှုတွေကြောင့် ဒုတိယမြောက် ဂျူဗင်တပ်စ်အသင်းကစားသမားဘဝကို အဆုံးသတ်ရဖို့ရှိနေတာပါ။ Tuttosport က ရုရှားနိုင်ငံရဲ့ Celebrity football league ကလပ် Broke Boys အသင်းဟာ ပေါ့ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့သာဖြစ်ခဲ့ရင် ပေါ့ဘာအနေနဲ့ သူ့ရဲ့ဘောလုံးအပေါ် ယုံကြည်မှုတွေကို ပြန်လည် ရရှိလာနိုင်တာပါ။
ရုရှားနိုင်ငံမှာ မီဒီယာဘောလုံးလိဂ်ကို ၂၀၂၂ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ဒီပြိုင်ပွဲမှာ နာမည်ကြီး သရုပ်ဆောင် တွေပါတဲ့ အသင်းတွေပါဝင်တာဖြစ်ပါတယ်။ Broke Boys အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ အာတ့်ဂျွန်က ပေါ့ဘာနဲ့ အဆက်အသွယ်ရှိတယ်လို့ ပြောခဲ့တာပါ။

အာတ့်ဂျွန်က “ဟာသတစ်ခုလိုထင်ရပေမယ့် ကျနော်တို့ သူ့ကိုခေါ်ခဲ့ပါတယ်။ အခုအချိန်ထိ သူဟာ ယဉ်ယဉ် ကျေးကျေးနဲ့ ငြင်းဆန်ခဲ့ပါတယ်။ စိတ်ပျက်နေတဲ့အချိန်မှာ သူ့အတွက်လက်ခံဖို့ အချိန်လိုပါတယ်။ ပေါ့ဘာဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပြီး အချိန်အကြာကြီးမကစားဘဲ နေနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့တာပါ။
Broke Boys အသင်း ဥက္ကဋ္ဌဟာ ပေါ့ဘာနဲ့ သူ့ရဲ့အေးဂျင့် ပီမန်တာထံ စာပေးပို့ခဲ့ပြီး ပေါ့ဘာသာ သူ့အသင်းနဲ့ ပူးပေါင်းဖို့ ရုရှားကိုလာဖို့ ဆုံးဖြတ်ခဲ့ရင် လစာနဲ့ ခံစားခွင့်အချို့ကိုပေးမယ်လို့ အဆိုပြုထားပါတယ်။ လက်ရှိ အချိန်မှာတော့ ပေါ့ဘာဟာ အသက် ၃၅ နှစ်အရွယ်ထိ ဘောလုံးနဲ့ဝေးကွာရဖို့ ရှိနေတာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 599
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၁
စပါးအသင်းဟာ ဗီလာအသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေ မြှင့်တက်လာပြီးနောက် ပရိသတ်တွေ စိတ်လှုပ်ရှားနိုင်တယ်လို့ နည်းပြ ပိုစတီကိုဂလူးက ပြောခဲ့ပါတယ်။
ပိုစတီကိုဂလူးက “ဒါက အလွန်အရေးကြီးတဲ့ ပွဲကြီးတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျနော်တို့ ဒီလိုမျိုး စွမ်းဆောင်နိုင်ခဲ့တာ ဟာ လူတိုင်းအတွက် ဂုဏ်ယူစရာပါပဲ။ ဒါဟာ ကျနော်တို့အတွက် အလွန်ကောင်းမွန်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပရိသတ်တွေလည်း ပျော်ရွှင်ရမှာပါ။ ကျနော်တို့အတွက် တစ်ပွဲပိုနီးနေပြီဖြစ်သလို ကစားဖို့လည်း ၁၁ ပွဲပဲကျန်ပါ တော့တယ်။ ကျနော်တို့ မသေသေးဘူးလို့ထင်ကြောင်း” ပြောခဲ့တာပါ။
စပါးအသင်းဟာ ဗီလာအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ဗီလာအသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် စပါးအသင်းဟာ လက်ကျန်ပွဲ တစ်ပွဲကစားဖို့ ကျန်ရှိနေသေးတာကြောင့် အဆင့် ၄ နေရာကို တက်လှမ်း နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေတာပါ။ ဗီလာအသင်းနဲ့ပွဲမှာ စပါးအသင်းအတွက် ဂိုးတွေကို မက်ဒီဆင်၊ ဘရီနန်ဂျွန်ဆင်၊ဆွန်ဟောင်မင်နဲ့ တီမိုဝါနာတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းကို တွေ့ရစဉ်
ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီကတော့ ရလဒ်ဆိုးတွေကနေ အမြန်ဆုံး ရလဒ်ကောင်းတွေ ပြန်ရယူဖို့ ကစားသမားတွေကို တိုက်တွန်းထားပါတယ်။
ဗီလာအသင်းဟာ ပြီးခဲ့တဲ့ကြားရက်က ယူရိုပါကွန်းဖရန့်လိဂ် ၁၆ သင်းအဆင့် ပထမကျော့ပွဲစဉ်မှာလည်း အေဂျက်စ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာ ဖြစ်ပါတယ်။
အူနှိုင်းအမ်မရီက “ကျနော် ကစားသမားတွေနဲ့ စကားတွေ အများကြီး မပြောခဲ့ပါဘူး။ ကျနော်တို့ ဆက်သွားမယ်၊ ကြာသာပတေးပွဲစဉ်နဲ့ ဝက်စ်ဟမ်းပွဲစဉ်ကိုတွေးဖို့ပဲ ပြောခဲ့ပါတယ်။ ဒီပွဲမှာ အနီကတ်ထိခဲ့တဲ့ မက်ဂင်းဟာ မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်နေတဲ့ ကစားသမားတော့ မဟုတ်ပါဘူး။ အနီကတ်ကတော့ ဖြစ်သင့်ပေမယ့် မကောင်းတဲ့ ရည်ရွယ်ချက်တော့ မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
အချက်အလက် ကျွမ်းကျင်သူ Opta က စပါးအသင်းဟာ ဗီလာအသင်းကို အနိုင်ရခဲ့တာကြောင့် ရာသီအကုန်မှာ ထိပ်ဆုံး ၄ သင်းနဲ့ အဆုံးသတ်နိုင်ဖို့ ၅၄ ရာခိုင်နှုန်း အခွင့်အရေးရှိနေပြီး ဗီလာအသင်းက ၄၀ ရာခိုင်နှုန်းနဲ့ အဆင့် ၆ နေရာက ယူနိုက်တက်အသင်းက ၂ ရာခိုင်နှုန်းသာရှိတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 767
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၁
မန်စီးတီးအသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းရရှိမယ့် ပင်နယ်တီကို ငြင်းပယ်ခဲ့ပြီးနောက် လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က VAR ဒိုင်လူကြီးကို ဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်။
ကလော့ပ်က “VAR အခန်းထဲမှာ ရှိတဲ့သူက ဒါကို ပင်နယ်တီလို့ ဘာကြောင့် မထင်တာလဲ။ ဒါက ၁၀၀ ရာခိုင်နှုန်း ပင်နယ်တီပါ။ သူတို့တွေဟာ ဒါနဲ့ပတ်သက်ပြီး ရှင်းလင်းချက်တွေကို ရှာဖွေပါလိမ့်မယ်။ ကွင်းထဲမှာရှိတဲ့ ဘယ်နေရာမှာမဆို ဒီလိုမျိုးပြစ်ဒဏ် ကျူးလွန်ခဲ့ရင် သေချာပေါက် အဝါက တ်နဲ့ ပြစ်ဒဏ်ဘောပါ။ ဒါက ပင်နယ်တီ ဖြစ်ပေမယ့် မရခဲ့လည်း အဆင်ပြေပါတယ်။ ဒီပွဲမှာ ကျနော်တို့ ကစားပုံနဲ့ပတ်သက်ပြီး ကျနော်ပျော် ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ဂျွန်စတုန်းစ်က ဦးဆောင်ဂိုး သွင်းယူခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းအတွက် ချေပဂိုးကို မက်အယ်လစ္စတာက ပင်နယ်တီကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့နာကျင်အချိန်ပိုမှာ မန်စီးတီးအသင်းကစားသမား ဒိုကူဟာ မက်အယ်လစ္စတာရဲ့ ရင်ဘတ်ကို ကန်ခဲ့တာကြောင့် လီဗာပူးလ်အသင်းနောက်ထပ် ပင်နယ်တီ ရနိုင်မယ့် အခွင့်အရေး ရရှိခဲ့တာပါ။
ကွင်းလယ်ဒိုင်လူကြီး အိုလီဗာက ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ VAR ဒိုင်ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ မန်စီးတီး ယှဉ်ပြိုင်နေစဉ်
VAR ဒိုင်အဖွဲ့ဟာ ဒီအဖြစ်အပျက်ကို အကဲဖြတ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီး အိုလီဗာကို ကွင်းထဲရှိ VAR မော်နီတာကို သွားရောက်ကြည့်ရှုဖို့ မပြောခဲ့တာကြောင့် လီဗာပူးလ်အသင်း ပင်နယ်တီ မရရှိခဲ့တာပါ။
ကလော့ပ်ဟာ ပွဲအပြီးမှာ သူတို့ကို ပင်နယ်တီ မပေးခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကွင်းလယ်ဒိုင်လူကြီး အိုလီဗာနဲ့ စကားပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲသရေရလဒ်ကြောင့် လီဗာပူးလ်အသင်းဟာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြား ချက်ကြောင့် အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး မန်စီးတီးအသင်းက ၁ မှတ်လျော့နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
ကလော့ပ်ကတော့ ဒီပွဲမှာ အဓိက ကစားသမားအချို့ မပါဝင်နိုင်ခဲ့ပေမယ့် အန်ဖီးလ်မှာ မန်စီးတီးအသင်းကို သရေကစားနိုင်ခဲ့တဲ့ သူ့ရဲ့ကစားသမားတွေကို ချီးကျူးသွားခဲ့ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကလည်း လီဗာပူးလ်အသင်းကို ချီးကျူးခဲ့ပြီး အန်ဖီးလ်ကွင်းမှာ အနိုင်ရဖို့ ခက်ခဲပေမယ့် သူ့ရဲ့ ကစားသမားတွေဟာ အရာအားလုံးကို ပေးခဲ့တယ်လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ကြားရက်မှာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် စပါတာပရက် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမအကျော့တုန်းက ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 656
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၀
စပါးအသင်းဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ Football Insider က ဖော်ပြထားပါတယ်။
ဆွန်ဟောင်မင်နဲ့ စပါးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိနေပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေတာပါ။
စပါးအသင်းကတော့ ဆွန်ဟောင်မင်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးနေပြီး နွေရာသီမှာ သဘောတူညီမှုကို အပြီးသတ်နိုင်မယ်လို့ ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။
ဒီရာသီမှာ စပါးအသင်းအတွက် ၁၃ ဂိုးသွင်းပြီး ၆ ဂိုးဖန်တီးထားတဲ့ ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ် ကလပ်အသင်းအချို့က စိတ်ဝင်စားနေကြတာပါ။
ဆွန်ဟောင်မင်ဟာ စပါးအသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောထားပေမယ့် အသင်းဘက်က သူအသင်းမှာ ဆက်ရှိ နိုင်ဖို့ သေချာအောင် စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒီရာသီမှာ စပါးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြ ပိုစတီကိုဂလူးဟာ ဆွန်ဟောင်မင်ကို အသင်းခေါင်းဆောင် ရာထူးပေးခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိအောင် ဦးဆောင်စေခဲ့တာပါ။
၂၀၁၅ ခုနှစ်က လေဗာကူဆင်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆွန်ဟောင်မင်ဟာ စပါးအသင်းအတွက် ၃၉၆ ပွဲ ပါဝင်ကစားထားပြီး ၁၅၈ ဂိုးသွင်းယူကာ ၈၆ ဂိုး ဖန်တီးထားတာဖြစ်ပါတယ်။
စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၅ နေရာ ရပ်တည်နေပြီး အဆင့် ၄ နေရာက ဗီလာ အသင်းနဲ့ ၅ မှတ်ကွာဟနေတာပါ။
စပါးအသင်းဟာ ဗီလာအသင်းထက် တစ်ပွဲလျော့ ကစားထားသလို ဒီနေ့ပွဲစဉ်မှာ ထိပ်တိုက်တွေ့ဆုံနေလို့ နိုင်ပွဲ ရယူနိုင်ရင် အဆင့် ၄ နေရာကို ပြန်တက်နိုင်ဖို့ အခွင့်အရေးကောင်းတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
Source: Sportsmole
- By CNI
- Category: အားကစား
- Hits: 533
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၀
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ ကစားမယ့် ပွဲစဉ်မတိုင်ခင်မှာ မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာဟာ သူ့ရဲ့ဘဝမှာ အကောင်းဆုံးနည်းပြ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ကလော့ပ်က “သူဟာ ဘောလုံးအပေါ်မှာ လွှမ်းမိုးနိုင်မှုရှိပါတယ်။ သူဟာ ဆုဖလားတွေ အများအပြား ရယူထား ပေမယ့် ကွင်းဘေးစည်းမှာ ကြည့်လိုက်ရင် အရင်က ဘာဖလားမှ ရယူထားနိုင်ခြင်း မရှိသလို ပြုမူပါတယ်။ သူ့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒဟာ ကောင်းပါတယ်။ ကျနော့်ဘဝမှာ သူက ထူးချွန်တဲ့နည်းပြ ဖြစ်တယ်ဆိုတာ သေချာတယ်” လို့ ပြောကြားခဲ့ပါတယ်။
ကာရာဘောင်းဖလား ရယူထားပြီးဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ ဒီရာသီဆုဖလား ၄ လုံးရယူနိုင်တဲ့ လမ်းကြောင်း ပေါ်မှာ ရှိနေသလို မန်စီးတီးအသင်းကလည်း ပြီးခဲ့တဲ့ရာသီက ရယူနိုင်ခဲ့တဲ့ ဆုဖလား ၃ လုံးကို ကာကွယ်နိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ တွေ့ဆုံမယ့် ဒီပွဲဟာ ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ နောက်ဆုံးတွေ့ဆုံမယ့် ပရီးမီးယားလိဂ် ပွဲစဉ်လည်း ဖြစ်လာမှာပါ။

လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ဟာ ၂၀၁၈ ခုနှစ်ကတည်းက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အပြိုင်အဆိုင် ဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်းက ၁ ကြိမ်သာ ရယူနိုင်ခဲ့ပေမယ့် မန်စီးတီးအသင်းက ၅ ကြိမ်အထိ ရရှိထားတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ မန်စီးတီးအသင်းကို အန်ဖီးလ်မှာ ကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ်ကတည်းက ကစားခဲ့တဲ့ ပွဲပေါင်း ၂၀ မှာ ၁၃ ပွဲအနိုင်ရပြီး ၁ ပွဲသာရှုံးနိမ့်ခဲ့တာပါ။
ဒီပွဲမှာ ဒဏ်ရာကြောင့် ၁ လနီးပါးကြာ အနားယူခဲ့ရတဲ့ တိုက်စစ်မှူး ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပြန်လည်ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်း တောင်ပံကစားသမား ဂရီလစ်ရှ်ဟာ ဒဏ်ရာကြောင့် ဒီပွဲစဉ်ကို လွဲချော်မှာပါ။
မန်စီးတီးအသင်းက ဒိုကူ၊ မာသီးယက်စ်နူနက်စ်နဲ့ လီဗာပူးလ်အသင်းက ကိုနာတေးတို့ကတော့ ဒီပွဲစဉ်ကို ပါဝင်နိုင်ဖို့ သူတို့ရဲ့ဒဏ်ရာ အခြေအနေကို အကဲဖြတ်စစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 651
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၉
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အသင်းမှာ ပြဿနာတွေရှိနေတယ်လို့ အဲဗာတန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ အောင်မြင်ချင်သလို အောင်မြင်ဖို့လည်း လိုအပ်ပါတယ်။ ကျနော်တို့မှာ ပြဿနာတွေရှိနေပေမယ့် တိုက်ပွဲဝင်သွားမှာပါ။ အသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေပါတယ်။ ဒါပေမယ့် အသုံးပြုလို့ရတဲ့ ကစားသမားတွေနဲ့ ကျနော်တို့ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ဘယ်ပြိုင်ဘက် အသင်းဖြစ်နေပါစေ အနိုင်ရဖို့အတွက် သွားရမယ်”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်းတွေ ဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၄ နေရာက ဗီလာအသင်းနဲ့ ၁၁ မှတ်ကွာဟနေတာပါ။
ဒါအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုနောက်ဆုံးနေရာနဲ့ ထွက်ခဲ့ရသလို ကာရာဘောင်းဖလားပြိုင်ပွဲမှာ ၁၆ သင်း အဆင့်ကနေ ထွက်ခဲ့ရပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် တစ်ခုတည်းသော မျှော်လင့်စရာဆုဖလားအဖြစ် FA ဖလားသာ ရှိတော့တာပါ။ ဒါပေမယ့် FA ဖလားပြိုင်ပွဲမှာ ပြိုင်ဘက်ကြီး လီဗာပူးလ်အသင်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ ပွဲဦးထွက်ရာသီဖြစ်တဲ့ မနှစ်ကရာသီမှာ ကာရာဘောင်းဖလား ရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နဲ့ FA ဖလားပြိုင်ပွဲမှာ ဒုတိယရရှိခဲ့တာပါ။
ဒါပေမယ့် ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြ အဲရစ်တန်ဟတ်လည်း ဝေဖန်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အဓိက ကစားသမားအချို့ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး အဲဗာတန်အသင်းနဲ့ပွဲကို လွဲချော်ဦးမှာပါ။
ဟော့ဂျ်လန်းနဲ့ မက်ဂွဲယားတို့ဟာ လီဗာပူးလ်အသင်းနဲ့ FA ဖလားပွဲစဉ်မှ ပြန်ပါဝင်နိုင်မှာဖြစ်ပြီး မေဆန်မောင့်က နိုင်ငံတကာပွဲစဉ်အပြီးမှ ယူနိုက်တက်အသင်းအတွက် ပြန်ပါဝင်နိုင်မယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။
လုပ်ခ်ရှော၊ လီဆန်ဒရိုမာတီနက်ဇ်တို့ဟာ ဆက်လက် အနားယူရဦးမှာဖြစ်သလို မာလာစီယာကတော့ ဒီရာသီမှာ ပါဝင်ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 683
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၉
ဆော်ဒီနိုင်ငံမှာ ထိုးသတ်ခဲ့တဲ့ ဟဲဗီးဝိတ်လက်ဝှေ့ပွဲမှာ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရွှာဟာ UFC ဟဲဗီးဝိတ် ချန်ပီယံဟောင်း အန်ဂါနူကို ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
အန်သိုနီဂျိုရွှာဟာ ဒီပွဲမှာ အသာစီးနဲ့ ထိုးသတ်ခဲ့ပြီး ဒုတိယအချီမှာ သူ့ရဲ့ပြင်းထန်တဲ့ လက်သီးချက်ကြောင့် အန်ဂါနူဟာ လက်ဝှေ့ကြိုးဝိုင်းထဲ လဲကျသွားခဲ့ပြီး အရှုံးပေးခဲ့ရတာပါ။
အန်ဂါနူဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝ ပထမဆုံးပွဲအဖြစ် တိုင်ဆန်ဗျူရီနဲ့ ထိုးသတ်ခဲ့တုန်းက အကောင်းဆုံး ထိုးသတ်မှုပြုလုပ်ပြီး ဆုံးဖြတ်ချက်တွေကြောင့် ရှုံးနိမ့်ခဲ့ပေမယ့် ဒီပွဲမှာတော့ အန်သိုနီဂျိုရွှာကို ယှဉ်ထိုးနိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
အန်သိုနီဂျိုရွှာကတော့ အန်ဂါနူဟာ ချန်ပီယံတစ်ဦးဖြစ်ပြီး လက်ဝှေ့ကြိုးဝိုင်းထဲ ထပ်ပြီး ဝင်ရောက် လာနိုင်သေး တယ်လို့ ပြောခဲ့ပါတယ်။
အန်သိုနီဂျိုရွှာက “အန်ဂါနူဟာ ချန်ပီယံတစ်ဦးဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်နိုင်ရည်ကနေ ဘာမှယူဆောင်သွားလို့ မရပါဘူး။ သူ့ကို လက်ဝှေ့ကနေ မထွက်ခွာဖို့ ကျနော်ပြောခဲ့ပါတယ်။ သူဟာ နှစ်ပွဲထိုးသတ်ခဲ့တာမှာ အကောင်းဆုံး ထိုးသတ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

အန်ဂါနူကတော့ ဒီပွဲအပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရှုံးပွဲကြောင့် တောင်းပန်ခဲ့ပြီး ဒီနေ့က သူ့အတွက် ဆိုးရွားတဲ့နေ့ ဖြစ်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။
ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်သိုနီဂျိုရွှာဟာ အူဆက်ခ်ကို အရေးနိမ့်ပြီး ချန်ပီယံခါးပတ်တွေကို လက်လွှတ်ခဲ့ ရပြီးနောက်ပိုင်း ထိုးသတ်ခဲ့တဲ့ ၄ ပွဲစလုံး နိုင်ပွဲရယူထားတာပါ။
အန်သိုနီဂျိုရွှာရဲ့ လက်ဝှေ့ပွဲစီစဉ်သူ အက်ဒီဟန်းဟာ အန်သိုနီဂျိုရွှာကို တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်တို့ထဲက တစ်ဦးဦး နဲ့ ပွဲစီစဉ်ပေးဖို့ ရှိနေတယ်လို့ သိရပါတယ်။
တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်တို့ဟာ မေလမှာ အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်သွား မှာဖြစ်ပြီး ဒီနှစ်အကုန်ပိုင်းမှာ မကျေပွဲ ပြန်လည်ထိုးသတ်ဖို့ ရှိနေတာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 509
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၈
အာဆင်နယ်အသင်းနည်းပြ အာတီတာက အဓိက ကစားသမားတွေဖြစ်တဲ့ ဆာကာနဲ့ မာတင်နယ်လီတို့ နှစ်ဦးစလုံး ဘရန်ဖို့ဒ်အသင်းနဲ့ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ပြီးခဲ့တဲ့ တနင်္လာနေ့အပြီးမှာ ပြန်လာနိုင်ခဲ့တဲ့ ကစားသမားအချို့ရှိခဲ့ပါတယ်။ ဆာကာနဲ့ မာတင်နယ်လီတို့မှာ ပြဿနာအနည်းငယ်ရှိပေမယ့် သူတို့ဟာ ဒီပွဲမှာပါဝင်နိုင်မယ်ဆိုတာကို အလွန် အပြုသဘော ဆောင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သူတို့ရဲ့အခြေအနေကို စောင့်ကြည့်ရမှာပါ”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းက ရှက်ဖီးယူနိုက်တက်အသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ မာတင်နယ်လီဟာ ဒဏ်ရာ ကြောင့် လူစားလဲခံခဲ့ရသလို ဆာကာကလည်း ဖျားနာနေတာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဆာကာကို တွေ့ရစဉ်
အဲဒါကြောင့် ဘရန်ဖို့ဒ် အသင်းနဲ့ပွဲမှာ ဒီကစားသမား ၂ ဦး မပါဝင်နိုင်မှာကို စိုးရိမ်မှုတွေ ရှိနေကြပေမယ့် အာတီတာကတော့ စိုးရိမ်မှုတွေကို ဖြေလျှော့ပေးခဲ့ပြီး ဒီပွဲကို ပါဝင်နိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။
ဆာကာဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ၁၆ ဂိုး သွင်းယူထားပြီး ၁၅ ဂိုး ဖန်တီးထားသလို မာတင်နယ်လီကလည်း ၈ ဂိုးသွင်းပြီး ၅ ဂိုးဖန်တီးထားတာ ဖြစ်ပါတယ်။
ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး ရှက်ဖီးယူနိုက်တက်အသင်းနဲ့ပွဲမှာ ပွဲကစားချိန် မိနစ်ပြန်ရခဲ့တဲ့ ပါတေးနဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်တို့ဟာ ဘရန်ဖို့ဒ်အသင်းနဲ့ပွဲမှာ ပါဝင်နိုင်မှာဖြစ်ပြီး ဂိုးသမား ဒေးဗစ်ရေယာကတော့ မိခင်ကလပ်နဲ့ ပြန်လည်ရင်ဆိုင်မှာ ဖြစ်လို့ ဒီပွဲကို လွဲချော်မှာပါ။
အဲ့ဒါကြောင့် ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ၅ ပွဲသာ ပါဝင်ကစားရသေးတဲ့ ရမ်စဒေးလ်ဟာ အသင်းရဲ့ ဂိုးပေါက်ကို ပြန်ပြီးတာဝန်ယူရမှာ ဖြစ်ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ ဘရန်ဖို့ဒ် အသင်းနဲ့ပွဲမှာ အနိုင်ရယူနိုင်ခဲ့ရင် ပရီးမီးယားလိဂ်အဆင့် ၁ နေရာကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။
Source: Metro
