CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ တပ်မတော်သား ကိုယ်စားလှယ်လောင်း တောင်းခံခဲ့သော်လည်း မရရှိခဲ့ခြင်းက ဘာကြောင့် ဖြစ်နိုင်လဲဆိုသည့်အပေါ် အားလုံးက စိတ်ဝင်တစား စောင့်ကြည့်လေ့လာနေကြသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈ ရက်က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၏ တတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲ၌ လူငယ်ပိုင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် လောင်း ၈ ဦးကို ပါတီဘက်က တောင်းခံခဲ့သော်လည်း တပ်မတော်ဘက်မှ စေလွှတ်ခြင်းမရှိခဲ့ဘူးဟု ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့သည်။
၎င်းက “ကျမလည်း ၈ ယောက်တော့ တောင်းလိုက်ပါတယ် By Name တပ်တောင်းလိုက်တော့ မပေးပါဘူးရှင့်၊ အဲတာကတော့ အရှင်းဆုံး အဖြေပါပဲရှင့်။ ဒါအမှန်တိုင်းပါပဲ၊ ကျမ တပ်မတော်သား ၈ ယောက်ကိုတောင်းတယ်၊ ကာယကံရှင်ရဲ့ ဆန္ဒလည်းရှိတယ်။ သို့သော်လည်း တပ်မတော်ကတော့ ကျမတို့ပါတီကို မပေးပါဘူးရှင့်။ သို့သော် လည်း ကျမတို့ပါတီမှာ တပ်မတော်သားတွေ မရှိဘူးလားဆို ရှိပါတယ်ရှင့်။ အဲတာကတော့ ဒီတပ်မတော် နေပြီး တော့မှ အနားယူပြီးတော့မှ အရပ်သားဖြစ်တာ သို့မဟုတ် လို့ရှိရင် ဒီတပ်မတော် ကနေပြီးတော့မှ အနားယူပြီး တော့မှ အစိုးရဌာနတွေမှာ အရပ်ဘက်ဌာနတွေမှာ အလုပ်လုပ်ပြီးတော့မှ ပင်စင်ယူပြီးတော့မှ လာကြတဲ့ ပုဂ္ဂိုလ် တွေ ရှိပါတယ်။ နောက်တစ်ခုက တပ်မတော်နဲ့ ပတ်သက်ပြီး ပြောရင်တော့ ကျမတို့က တပ်မတော်သည် နိုင်ငံ တိုင်းမှာပေါ့နော်။ နိုင်ငံတစ်ခုရဲ့ မရှိမဖြစ် အချုပ်အခြာအာဏာကို ကာကွယ်တဲ့ အဖွဲ့အစည်း အနေနဲ့ပေါ့။ တပ်မတော်ကို အမြဲတမ်း အသိအမှတ်ပြုဖို့ အရပ်ဘက်-တပ်ဘက် ဆက်ဆံရေး အနေနဲ့ ကျမတို့ သွားမယ့်ပါတီ ဖြစ်ပါတယ်”ဟု မီဒီယာများကို ပြန်လည် ဖြေကြားခဲ့သည်။
ပြည်သူ့ရှေ့ဆောင်ပါတီက ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းကို တွေ့ရစဉ်
PPP ပါတီသည် တပ်မတော် အလိုကျ သွားနိုင်ရေးနှင့် အာဏာရရှိရေးအတွက် တပ်မတော်ထံ ကိုယ်စားလှယ် လောင်း တောင်းခံခြင်းဖြစ်နိုင်ကြောင်း၊ ဒီမိုကရက်တစ်အမြင်ကနေထက် စီးပွားရေးသမားဆိုသည့် အတိုင်း စီးပွားရေးအမြင်ကနေ ကြည့်နေခြင်းဖြစ်နိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ကတော့ ခုချိန်မှာ စစ်ကော်မရှင်ရဲ့ အလိုကျပဲ သွားတယ်ပေါ့၊ ဆိုလိုတာကလေ သူတို့ရဲ့ဘက်ကိုက ဒီမိုကရက်တစ်ဆိုတဲ့ ပုံစံမဟုတ်ဘူး၊ ရွေးကောက်ပွဲကို ဝင်မယ်ဆိုပင်မယ့် တကယ်တော့ သူတို့အာဏာရရှိရေးနဲ့ စစ်ကော်မရှင်ကနေပြီးတော့မှ ပေးစာကမ်းစာကိုပဲ သူတို့ရပ်တည်မယ်ဆိုတဲ့ အနေအထားဖြစ်တာပေါ့။ အဲဒါ ကြောင့် တောင်းခံတာလို့ နားလည်ပါတယ်။ တချို့ဟာတွေမှာ သူတို့ပြောဆို ဆွေးနွေးတဲ့ဟာတွေ သူတို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတုန်းက ဒီအစိုးရရဲ့ ငွေကြေးသုံးစွဲတဲ့အခါမှာ မမျှတတာတွေ ဆိုတဲ့ဟာမျိုးတွေကိုပဲ ဇောင်း ပေးပြီး ပုတ်ခတ်တိုက်ခိုက်တဲ့ ဟာမျိုးတွေလည်း တွေ့ပါတယ်။ ဒီမိုကရက်တစ် အုပ်စုတွေကိုတော့ အဲလိုပြော ပြီးတော့ လက်ရှိ ပကတိ အခြေအနေမှာဖြစ်တဲ့ စစ်ခေါင်းဆောင်တွေကနေပြီးတော့ ဒီ corruption ဖြစ်မှု မတော် မတရားနော်၊ ချမ်းသာ ကြွယ်ဝမှုတွေကိုကြတော့ သူ့အနေနဲ့ မပြောဘဲနဲ့ သူကိုယ်၌ကိုက ဒီအာဏာရှင်တွေနဲ့ ပေါင်းပြီးတော့ ဘယ်နေရာက ရမလည်းဆိုတဲ့ဟာမျိုးကို လမ်းကြောင်း ရှာတယ်လို့ပဲ မြင်တယ်ပေါ့။ စီးပွားရေး သမားတွေဖြစ်လို့လည်း ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူကို မျက်မှောက်ပြုတာ ကနေ ပြီးတော့ တပ်နဲ့တပ် အပေါင်းအပါတွေရဲ့ အကျိုးနဲ့ အကျိုးတူ ပူးပေါင်းမယ်ဆိုတဲ့ ဟာမျိုးကြတော့ ကျနော်တို့ ပြော ရတာမျိုးကြတော့ အရမ်းကို ကွာဟနေတယ်ပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ကိုယ်စားလှယ်လောင်း ၆၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းပေးသွင်းထားကြောင်း သိရသည်။
ပြည်သူ့ရှေ့ဆောင်ပါတီကိုတွေ့ရစဉ်
ပြည်သူ့ရှေ့ဆောင်ပါတီမှ တပ်မတော်သား ကိုယ်စားလှယ်လောင်း တောင်းခံသည်ဟုပြောခြင်းက ၎င်းတို့ပါတီ သည် လုံးဝ အရပ်သားများဖြင့် ဖွဲ့စည်းထားကြောင်း ပြည်သူလူထုကို ယုံကြည်စေချင်၍ ပြောလိုက်ခြင်းဖြစ်နိုင် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူက တောင်းဆိုတယ်ဆိုတာကတော့ တပ်မတော်သားထဲမှာ တချို့ကတော့ နိုင်ငံရေးဝါသနာ ပါတယ် လေ၊ များသောအားဖြင့် ပညာတတ်အုပ်စုတွေပေါ့။ ပညာတတ်အလွှာတွေက ဒေါ်သက်သက်ခိုင် ဆီကို တော်တော် လေး သွားကြပါတယ်။ အဲတော့ တပ်မတော်မှာရှိတဲ့ ပညာတတ် အရာရှိတချို့ကလည်း ဒေါ်သက်သက်ခိုင် ဆီကို သွားပြီးတော့ ဝင်ပြိုင်ချင်တယ်လို့ သူတို့အဆိုပြုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီ့ထက်တော့ မပိုပါ ဘူး။ သို့သော် လုံးဝ အရပ်သားတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာကို ပြည်သူလူထုကို သူက ယုံကြည်စေချင်လို့ ဒီလို ပြောလိုက်တယ်လို့ နားလည်တယ်ပေါ့။ တာဝန်ရှိသူတွေရဲ့ သဘောထားလား ဒါမှမဟုတ် ကိုယ်တစ်ဦး တစ် ယောက်ချင်းစီရဲ့ သဘောထားလား။ ရှင်းရှင်းလင်းလင်း ဘယ်သူမှမသိရဘူး။ အဲတော့ ဖြစ်နိုင်တာကတော့ သံသယ ဖြစ်ဖွယ်ရာရှိတဲ့အတွက်ကြောင့် ဒီကိစ္စကတော့ ဆက်မပြောတာ ကောင်းတာပေါ့”ဟု ပြောသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကို ဒေါက်တာသက်သက်ခိုင်က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်တွင် စတင် တည်ထောင်ခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။
သို့သော် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။
ထို့နောက် ၂၀၂၃ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံရေးပါတီများ အနေဖြင့် ပြန်လည် မှတ်ပုံတင်ကြရန် ဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့၍ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် ပြည်ထောင် စုအဆင့် နိုင်ငံရေးပါတီအနေဖြင့် ပြန်လည် မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် မှတ်ပုံတင်ခွင့် ကျခဲ့ သည်။