CNI Sport Article

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀

အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ အောက်တိုဘာထဲ ကစားနေတဲ့ နိုင်ငံတကာ ပွဲတွေအတွက် အသင်း လူစာရင်းမှာ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ရီးရယ်လ်အသင်းက ဘယ်လင်ဂမ်၊ အဲဗာတန်အသင်းက ဂရီလစ်ရှ်နဲ့ မန်စီးတီးအသင်းက ဖိုဒန်တို့ကို ချန်လှပ်ခဲ့ပါတယ်။ 

ဘယ်လင်ဂမ်ဟာ ပခုံးခွဲစိတ်မှုကြောင့် မကြာသေးမီကမှ ရီးရယ်လ်အသင်းအတွက် ပြန်ကစားနိုင်ခဲ့ပေမယ့် ပွဲကစားချိန် နည်းပါးမှုကြောင့် ချန်လှပ်ခံခဲ့ရပြီး ဒီရာသီမှာ ပုံစံကောင်းတွေ ပြသနေတဲ့ ဂရီလစ်ရှ်နဲ့ ဖိုဒန်တို့က လည်း အင်္ဂလန်အသင်း လူစာရင်းနဲ့ ထပ်ပြီးဝေးကွာနေတာပါ။ 

ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းမှာ ရုန်းကန်ခဲ့ရပြီးနောက် ဒီနွေရာသီမှာ အဲဗာတန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု အများအပြား ပြုလုပ်ပြီး ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် ဂရီလစ်ရှ်ဟာ နည်းပြတူချယ်လ် လက်ထက်မှာ အင်္ဂလန်အသင်းအတွက် ပါဝင်ခဲ့ရခြင်း မရှိသေးပါဘူး။ 

ဖိုဒန်ကလည်း ပြီးခဲ့တဲ့ရာသီမှာ သူ့ရဲ့ အကောင်းဆုံးပုံစံတွေ ပျောက်ဆုံးခဲ့ပေမယ့် ဒီရာသီမှာတော့ ပုံစံကောင်းအချို့ ကို ပြန်လည်ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

 ဖိုဒန်နဲ့ ဂရီလစ်ရှ်ကို တွေ့ရစဉ်

ဘယ်လင်ဂမ်၊ ဖိုဒန်နဲ့ ဂရီလစ်ရှ်တို့ဟာ နည်းပြဟောင်း ဆောက်ဂိတ်ရဲ့ လက်ထက်မှာ အင်္ဂလန်အသင်းရဲ့အဓိက ကစားသမားတွေ ဖြစ်ခဲ့ပေမယ့် နည်းပြတူချယ်လ်ရဲ့ လက်ထက်မှာ လူစာရင်းထဲ ပါဝင်နိုင်ဖို့ ခက်ခဲနေတာပါ။ 

ဂျာမန်လူမျိုးနည်းပြ တူချယ်လ်ဟာ သူ့ရဲ့ အင်္ဂလန်အသင်း လူစာရင်းမှာ နာမည်ကြီး ကစားသမားအချို့ကို လူငယ်ကစားသမားတွေနဲ့ ပေါင်းစပ်ပြီး အသင်းကို အကောင်းဆုံး တည်ဆောက်နေတာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပေးဂိုးမပေးရဘဲ ရာနှုန်းပြည့် နိုင်ပွဲရယူထားတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဝေးလ်စ်အသင်းနဲ့ ခြေစမ်းပွဲ မတိုင်မီ မီဒီယာတွေ့ဆုံမှုမှာ အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က ပွဲကြီး ပွဲကောင်းတွေ အနိုင်ရဖို့ ကြယ်ပွင့် ကစားသမားတွေ မလိုအပ်ဘူးလို့ ပြောခဲ့ပါတယ်။ 

ဒါအပြင် တူချယ်လ်က သူ့ရဲ့လူစာရင်းထဲမှာ နာမည်ကြီး ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူမှာမဟုတ်ဘဲ အသင်းလိုက် စုစည်းမှုနဲ့ တည်ဆောက်သွားမယ်လို့ ပြောခဲ့တာပါ။ 

တူချယ်လ်ရဲ့ ဒီပြောစကားကြောင့် ဘယ်လင်ဂမ်၊ ဖိုဒန်နဲ့ ဂရီလစ်ရှ်တို့ အပါအဝင် သူ့ရဲ့လက်ရှိ လူစာရင်းထဲမှာ မပါဝင်တဲ့ ကစားသမားတွေအတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ ခက်ခဲသွားနိုင်ပါတယ်။ 

အင်္ဂလန်အသင်းသားတွေကို တွေ့ရစဉ် 

အဲဒါကြောင့် လက်ရှိ လူစာရင်းထဲမှာ မပါဝင်တဲ့ ကစားသမားတွေဟာ လာမယ့် ကလပ်အသင်းပွဲတွေမှာ သူတို့ပြသနေတဲ့ စွမ်းဆောင်ရည်ပုံစံထက် ပိုပြီးကောင်းအောင် လုပ်ပြနိုင်ဖို့ လိုအပ်သွားပြီဖြစ်ပါတယ်။ 

ဒါမှလည်း အင်္ဂလန်ရဲ့ နောက်လာမယ့် ပွဲတွေအတွက် လူစာရင်းထဲမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးရှိလာမှာ ဖြစ်ပါ တယ်။ 

နည်းပြတူချယ်လ်ဟာ အင်္ဂလန်ကစားသမားတွေနဲ့ ၃ ကြိမ် စခန်းသွင်းပြီး အလုပ်တွဲလုပ်ထားသလို ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်မီ နောက်ထပ် ၂ ကြိမ်သာ စခန်းသွင်း လေ့ကျင့်နိုင်တော့မှာပါ။ 

တူချယ်လ်ဟာ အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဆုရရှိအောင် ကိုင်တွယ်ပေးဖို့ ရည်မှန်းထားပြီး အသင်း လိုက် စုစည်းမှုနဲ့ အကောင်းဆုံးအသင်းကို ပိုင်ဆိုင်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရောက်ဖို့ လိုအပ်တယ်လို့ ပြောထား ပါတယ်။ 

အင်္ဂလန်အသင်းဟာ လာမယ့် နိုဝင်ဘာထဲမှာ နိုင်ငံတကာပွဲစဉ်တွေ ထပ်ကစားဖို့ရှိနေပြီး ဒီပွဲတွေအတွက် လူစာရင်းမှာ ဘယ်လင်ဂမ်၊ ဖိုဒန်နဲ့ ဂရီလစ်ရှ်တို့ မရွေးချယ်ခံရရင် သူတို့တွေရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ချင်တဲ့ မျှော်လင့်ချက် အဆုံးသတ်သွားပြီလို့ ပြောရမှာဖြစ်ပါတယ်။