CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း၌ တွေ့ဆုံဆွေးနွေးရေးအတွက် အငြိမ်းစားသမ္မတ ဦးသိန်းစိန် လက်ထက် က အသုံးပြုခဲ့သည့် လူပုဂ္ဂိုလ်များကို ပြန်လည်ထုတ်သုံးသင့်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် သက်ဆိုင်ရာ ခေါင်းဆောင်များ အနေဖြင့် တွေ့ဆုံဆွေးနွေးရေးအတွက် ဖိတ်ခေါ်ရာတွင် ကိုယ်တိုင် သွားရောက် ထွက်တွေ့ခြင်းထက် လာရောက် တွေ့ဆုံမှုများကို လက်ခံတွေ့ဆုံနေခြင်း အပေါ်ကိုလည်း ပြန်လည် စဉ်းစားသင့်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဦးသိန်းစိန်ကတော့ အသက်ကြီးပါပြီ။ နောက်ပြီးတော့ သူသုံးခဲ့တဲ့ လူရှိတယ်။ ဦးအောင်မင်းတို့၊ ဦးစိုးသိမ်းတို့ သူ့ခေတ်တုန်းက သူသုံးခဲ့တဲ့လူတွေရှိတယ်။ လူတော်တွေပါ သူတို့က။ တွေ့ဆုံ ဆွေးနွေးရေးမှာ အလွတ်သဘောပဲဖြစ်ဖြစ်၊ တရားဝင်ပဲဖြစ်ဖြစ် တော်တော်လေး တော်တဲ့လူတွေပါ။ အဲဒီလူမျိုး တွေကို လုပ်ပိုင်ခွင့်ပေးပြီးတော့ ပွဲထုတ်ပြီးမှ အဆက်အသွယ် ပြန်ရလာနိုင်ပါတယ်။ အခုလည်း အဲဒီလူမျိုး တွေ့ဆုံ ဆွေးနွေးရေး ကျွမ်းကျင်တဲ့ သူတွေကို ပြန်ထုတ်သုံးရင်တော့၊ နောက်အဖွဲ့ ဖွဲ့ပေးလိုက်ရင်တော့ ပိုကောင်းတာပေါ့။ အခုက အဖွဲ့မရှိဘူး ဖြစ်နေတယ်။ ထိုင်ပြီးတော့ပဲ တွေ့ဆုံဆွေးနွေးရေး၊ သူများလာတွေ့ရင်တော့ တွေ့ပြီးတော့ ကိုယ်က ထွက်တွေ့တာ မရှိသလောက် ဖြစ်နေတယ်။ အဲဒါကို နည်းနည်းလေး သက်ဆိုင်တဲ့ ခေါင်းဆောင်တွေက စဉ်းစားသင့်တာပေါ့။ တကယ်တမ်း လိုချင်တယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင်က ထွက်တွေ့တော့ တွေ့ရမှာပေါ့။ အလွတ်သဘောတွေက စရမှာပေါ့။ အခုက အဲဒီအလွတ်သဘောကို မတွေ့ဘူး ကျနော်တို့ ကြည့်နေတာတော့။ နေပြည်တော်ကပဲ ထိုင်ဖိတ်ခေါ်ပြီးတော့ အခါအားလျော်စွာပဲ နေပြည်တော် ဝင်ကြတဲ့လူတွေက နဂိုကတည်းက မိတ်ဖက် အဖွဲ့အစည်းတွေကတော့ ရတာပေါ့။ အခု ရန်သူဖြစ်နေတဲ့ အဖွဲ့အစည်းတွေက နေပြည်တော်ကို တစ်ခါ တည်း သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ပြောသည်။
လက်ရှိ ဖွဲ့ထားသည့် NSPNC နဲ့ အပစ်ရပ် ၇ ဖွဲ့ တွေ့ဆုံ ဆွေးနွေးကြစဉ်
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ကြောင်း နစကဘက်မှ ကြေညာခဲ့သည်။
ထို့ပြင် PDF အပါအဝင် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်များအတွက် ငြိမ်းချမ်းရေး လမ်းဖွင့်ထားကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် နေပြည်တော် ၌ ပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ်၌ ပြောကြားခဲ့သည်။
ထိုသို့ မြန်မာ့တပ်မတော်မှ လက်နက်စွန့်ကာ နိုင်ငံရေးထဲဝင်ခိုင်းသည့် အချက် အပါအဝင် အခြားသော အချက်များ ဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်နေမှုများသည် အလုပ်မဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်ကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် လူမျိုးရေးအတွက် အဓိက လုပ်ဆောင်နေကြခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် ဒီမိုကရေစီနှင့် ဝါဒအရေးကို ကြွေးကြော် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
NUG နှင့် လက်ရှိ ကော်မရှင်ဥက္ကဋ္ဌတို့၏ မူဝါဒသည် တူညီနေသည့်အတွက် NUG နှင့် လက်ခံစကားပြောစရာ မရှိကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအောင်မျိုးက “ဆိုပါတော့ ရပ်တည်ချက်က မတူဘူးလေ။ ဥပမာ တိုင်းရင်းသား လက်နက်ကိုင်လား၊ NUG လားဆိုတဲ့ ဒီမေးခွန်းကို ပြန်မေးရတော့မှာပေါ့။ တိုင်းရင်းသား လက်နက်ကိုင်ဆိုရင်ကြ သူတို့က လူမျိုးရေး လေ။ NUG ဆိုတာကြ သူက ဒီမိုကရေစီအရေး ကြွေးကြော်နေတာလေ၊ ဝါဒအရေးလေ။ ဒီကလည်း ဒီမိုကရေစီ အရေး၊ ဝါဒအရေးလေ။ လက်ရှိအစိုးရကလည်း ဒီလမ်းကြောင်းကိုပဲ သွားမယ်လို့ ပြောထားပြီးသားပဲ။ အဲဒီအခါကြ တော့ ဒီမူဝါဒကြီး နှစ်ခုက သွားတိုက်နေတယ်။ အဲဒီတော့ သူက ဒီမိုကရေစီလိုချင်ရင် ငါတို့ ရွေးကောက်ပွဲ လုပ် ပေးမယ် ဒါပဲပေါ့။ စကားပြောစရာလည်း မရှိဘူး။ ပြောလည်း ပြောမှာမဟုတ်ဘူး။ တိုင်းရင်းသား အရေးကြတော့၊ လူမျိုးရေးကြတော့ ပြောရတော့တာပေါ့၊ ခေါ်ရတော့တာပေါ့။ ဒီလို ရပ်တည်ချက် လေးရှိတယ်။ အဲဒီတော့ ဝါဒရေး သမားကတော့ NUG ကိုတော့ ဒီက လက်ခံပုံအကြောင်း မရှိဘူး။ တိုင်းရင်းသားအရေးကတော့ လက်ခံကောင်း လက်ခံနိုင်တယ်ပေါ့” ဟု ပြောသည်။
MNDAA-AA-TNLA ခေါင်းဆောင်များကိုတွေ့ရစဉ်
ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့်အခါတွင် နိုင်ငံကို အုပ်ချုပ်နေသူများမှ အကြမ်းဖက်အုပ်စုများ၊ မတရားအသင်းများကို ကြေညာထားသည့်အတွက် ထိုအဖွဲ့များဖြင့် တရားဝင် ဆွေးနွေးရန်မှာ အခက်အခဲရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ထို့ကြောင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးနိုင်ရန်လိုကြောင်း၊ ပယ်ဖျက်ပေးနိုင်ရန်အတွက်လည်း တစ်ဖက် အဖွဲ့အစည်းဘက်မှလည်း ဆောင်ရွက်ပေးရန် ဆွေးနွေးပွဲများတွင် အချေအတင် ဆွေးနွေးမှုများ ရှိကြကြောင်း ၎င်းတို့က ထောက်ပြကြသည်။
တွေ့ဆုံဆွေးနွေးရေးကို ဖိတ်ခေါ်နေသော်လည်း ထို ဆွေးနွေးရေးများကို အကောင်အထည်ဖော်မည့် ကိုယ်စား လှယ်အဖွဲ့ မရှိသောကြောင့် အခက်အခဲဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆွေးနွေးရေးကတော့ ဖိတ်ခေါ်နေတာပဲ။ သို့သော်လည်းပဲ အဲဒီဆွေးနွေးရေးကို အကောင်အထည် ဖော်မယ့် ကိုယ်စားလှယ်အဖွဲ့က မရှိတဲ့ အခါကြတော့ နည်းနည်းတော့ အခက်အခဲဖြစ်တယ်။ သမ္မတကြီး ဦးသိန်းစိန် ဖိတ်ခေါ်တုန်းကတော့ ဆွေးနွေးပွဲလည်း ဖိတ်ခေါ်တယ်။ အဲဒီဆွေးနွေးပွဲဖြစ်အောင် အလွတ်သဘော တွေ့ဖို့ ဆိုပြီးတော့ ကိုယ်စားလှယ်အဖွဲ့ကိုလည်း တစ်ခါတည်း ဖွဲ့ပြီးတော့ စေလွှတ်တာရှိတယ်။ အခုကြတော့ ကိုယ်စားလှယ်အဖွဲ့ ဖွဲ့ခြင်း၊ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပြီးတော့ အလွတ်သဘော တွေ့ခြင်းက မရှိတဲ့ အခါကြ တော့ ဒီအတိုင်း ထိုင်ခေါ်နေလို့ကတော့ ညှိနှိုင်းဆွေးနွေးဖို့ အစ ဖြစ်လာဖို့ခက်တာပေါ့” ဟု ပြောသည်။
မြန်မာ့တပ်မတော် အနေဖြင့် လက်နက်ကိုင်များအား ငြိမ်းချမ်းရေး ဖိတ်ခေါ်ရာတွင် မည်သည့် အချက်များ၊ မည် သည့် စံနှုန်းများ၊ မည်သည့် အနေအထားများ စသဖြင့်ရှိမှ လက်ခံမည်ဖြစ်ကြောင်း သတ်မှတ်ချက် တစ်ခုရှိ သင့် ကြောင်း၊ ယခင်က AA-TNLA-MNDAA တို့ကို လက်နက်အင်အား မရှိသလို ထိန်းချုပ်နယ်မြေ မရှိခြင်းနှင့် စစ်ပွဲ မရှိခြင်းတို့ကြောင့် လက်မခံနိုင်ကြောင်း မြန်မာ့တပ်မတော်က သဘောထားရှိခဲ့ကြောင်း၊ အလားတူ လက်နက်စွန့် မှ ငြိမ်းချမ်းရေးမှာ ပါဝင်ခွင့် ပြုမည်ဖြစ်ကြောင်း သဘောထား ရပ်တည်ခဲ့သည်။