CNI International News
ကွက်တာ ၊ ဩဂုတ် ၉
ပါကစ္စတန်အစိုးရသည် ဆူပူမှုများ ဖြစ်ပွားနေသည့် နိုင်ငံအနောက်တောင်ပိုင်းရှိ ဘာလိုချီစတန် (Balochistan) ပြည်နယ်တွင် မိုဘိုင်းဖုန်း အင်တာနက်လိုင်းများကို သီတင်းပတ် ၃ ပတ်ကြာ ဖြတ်တောက်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
မကြာသေးမီက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ခွဲထွက်ရေး သောင်းကျန်းသူများကြား ဆက်သွယ်ရေး လမ်းကြောင်းများကို ပိတ်ပင်ရန် အားထုတ်ကြိုးပမ်းမှုအဖြစ် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အရာရှိများက ပြောကြားခဲ့သည်။
တွင်းထွက်သတ္တုများ ပေါကြွယ်ဝသည့် ထိုပြည်နယ်၏ သယံဇာတများ ထုတ်ယူမှုမှ ရရှိသည့် အကျိုးအမြတ်များ ကို ပိုမိုခွဲဝေပေးရန် တောင်းဆိုနေသော ခွဲထွက်ရေး စစ်သွေးကြွများက ပြီးခဲ့သည့် လများအတွင်း တိုက်ခိုက်မှု များကို အရှိန်မြင့်တင်ခဲ့သည်။
အထူးသဖြင့် ထောက်လှမ်းရေး သတင်းများ ရရှိပြီး ၎င်းတို့ကို ထိုးစစ်ဆင်နေသည့် ပါကစ္စတန်စစ်တပ်ကို စစ်သွေးကြွများက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံသား ၂ ဦး သတင်းကြည့်နေစဉ်
ဩဂုတ် ၆ ရက်က ထုတ်ပြန်ခဲ့သည့် အမိန့်တွင် ပါကစ္စတန်အစိုးရက တရုတ်၏ ပတ်လမ်း၊ ရပ်ဝန်း စီမံကိန်းများ ရှိနေသည့် ထိုပြည်နယ်၌ တရားဥပဒေစိုးမိုးရေးအတွက် မိုဘိင်းဖုန်း အင်တာနက်လိုင်းများကို ယခုလကုန်ပိုင်းအထိ ဖြတ်တောက်ထားရန် ညွှန်ကြားခဲ့သည်။
“စစ်သွေးကြွတွေက မိုဘိုင်းဖုန်း အင်တာနက်လိုင်းတွေကို အသုံးပြုပြီး အချင်းချင်း ဆက်သွယ်နေကြတာကြောင့် အင်တာနက် ဝန်ဆောင်မှုတွေကို ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်” ဟု ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ရှာဟစ် ရင်း (Shahid Rind) က ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။
ပါကစ္စတန်၏ အကြီးဆုံး ပြည်နယ်ဖြစ်သည့် ဘာလိုချီစတန်ပြည်နယ်တွင် မိုဘိုင်းဖုန်း အင်တာနက်လိုင်း အသုံးပြု သူပေါင်း ၈ ဒသမ ၅ သန်းခန့်ရှိကြောင်း အရာရှိများက ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်၊ အီရန်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ထိုပြည်နယ်သည် အရွယ်အစားအရ အကြီးဆုံး ဖြစ်သော်လည်း လူဦးရေနည်းပါးသည်။
ဘာလိုချီစတန်ပြည်နယ်တွင် လူဦးရေ ၁၅ သန်းသာ နေထိုင်သဖြင့် နိုင်ငံလူဦးရေ စုစုပေါင်း သန်း ၂၄၀ နှင့် နှိုင်းယှဉ် ပါက အလွန်နည်းပါးသည့် လူဦးရေဖြစ်သည်။
ပြီးခဲ့သည့် လကလည်း လုံခြုံရေး ခြိမ်းခြောက်မှုများကြောင့် ဘာလိုချီစတန်ပြည်နယ်မှ အီရန်နိုင်ငံအတွင်းသို့ သွားရောက်သည့် လမ်းမကို ပါကစ္စတန်အစိုးရက ပိတ်ခဲ့သည်။
Source: ရိုက်တာ