CNI International News

ဂျေရုဆလင်၊ ဩဂုတ် ၉

ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ ဂါဇာစီးတီး (Gaza City) မြို့ကို ပြန်လည်သိမ်းပိုက်၍ ထိန်းချုပ်ရန် စီစဉ်ထား ကြောင်း အစ္စရေးက ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ဟားမာ့စ်အဖွဲ့ကမူ အစ္စရေး၏ အစီအစဉ်ကို ငြင်းပယ်ခဲ့ပြီး ပဋိပက္ခကို အဆုံးသတ်ရန် နိုင်ငံတကာ၏ တောင်းဆိုမှု များ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ဂါဇာဒေသတွင် ဖမ်းဆီးခံထားရသည့် အစ္စရေး ဓားစာခံများ၏ ဘေးကင်းလုံခြုံရေးအပေါ် စိုးရိမ်စိတ်များ မြင့်တက်စေခဲ့သည်။ 

အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်ကြောင့် ဂါဇာတွင် သောင်းနှင့်ချီသည့် ပါလက်စတိုင်း များ သေဆုံးခဲ့ကာ ဒေသခံအများစုသည် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။

ဂါဇာဒေသကို တွေ့ရစဉ်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) သည် အစောပိုင်းကတည်းက Fox News နှင့် အင်တာဗျူး ပြုလုပ်ချိန်တွင် ဂါဇာ၏ ဒေသအားလုံးကို ထိန်းချုပ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသ၏ နယ်နိမိတ် ၄ ပုံ ၃ ပုံကို ထိန်းချုပ်ထားပြီ ဖြစ်သည်။

ဟားမာ့စ်အဖွဲ့ကမူ အစ္စရေး၏ လက်ရှိ အစီအစဉ်များကို ငြင်းပယ်ခဲ့ပြီး ဂါဇာဒေသခံများသည် အစ္စရေး၏ သိမ်းပိုက်မှု အစီအစဉ်ကို ဖီဆန်ကြလိမ့်မည်ဟု ပြောကြားခဲ့သည်။

“ကျနော်တို့ ပါလက်စတိုင်းတွေက အစ္စရေးရဲ့ ကျူးကျော်ရန်စမှုကို ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး” ဟု ဟားမာ့စ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဂါဇာတွင် အငတ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် အစ္စရေး၏ နောက်ဆုံး ကြညာခဲ့သည့် အစီအစဉ်ကြောင့် ပြည်ပအင်အားကြီး နိုင်ငံများ၏ ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့သည်။

စစ်ပွဲအတွင်း သေဆုံးသွားသူတွေကို တွေ့ရစဉ်

ဂါဇာတွင် ထိုးစစ်ကို ပိုမိုအရှိန်မြှင့်တင်မည့် အစ္စရေး၏ ဆုံးဖြတ်ချက်သည် မှားယွင်းကြောင်းနှင့် သွေးထွက်သံယိုမှု များကိုသာ ပိုမိုဖြစ်စေလိမ့်မည်ဖြစ်ကြောင်း၊ အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့ အနေဖြင့် အလုံးစုံ ပျက်သုဉ်းရေး လမ်းကြောင်းကို ရပ်တန့်ရမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) က ပြောကြားခဲ့ သည်။

ဂါဇာစီးတီးကို ထိန်းချုပ်မည့် အစီအစဉ်အား အစ္စရေး၏ အမျိုးသားလုံခြုံရေးကော်မတီ(NSAC)က ဩဂုတ် ၇ ရက် တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုကြေညာချက်သည် အစ္စရေးဘက်မှ တောင်းဆိုချက်များ ပါဝင်သည့် အပစ်အခတ်ရပ်စဲရေးကို ဟားမာ့စ်အဖွဲ့က လက်ခံစေရန် ဖိအားပေးသည့် ရည်ရွယ်ချက်ဖြင့် ကြေညာခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။

Source: အေပီ