CNI International News

ဘေဂျင်း၊ ဩဂုတ် ၉

ဖိလစ်ပိုင်အစိုးရအနေဖြင့် မီးနှင့်မကစားရန် တရုတ်က ဩဂုတ် ၈ ရက်တွင် သတိပေးခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jnr) သည် အိန္ဒိယသို့ သွားရောက်သည့် ခရီးစဉ် အတွင်း ထိုင်ဝမ်ရေလက်ကြားတွင် ပဋိပက္ခဖြစ်လာနိုင်ခြေရှိသည့် အခြေအနေနှင့်ပတ်သက်ပြီး ပြောကြားခဲ့သော မှတ်ချက်စကားများကို တရုတ်က ဆန့်ကျင်ခဲ့သည်။

ထို့နောက် မီးနှင့်မကစားရန်လည်း တရုတ်က သတိပေးခဲ့သည်။

အိန္ဒိယ သတင်းဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် First post နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် မားကို့စ်က ဖိလစ်ပိုင် သည် ထိုင်ဝမ်ရေလက်ကြား ပဋိပက္ခ၌ ပါဝင်ရလိမ့်မည်ဟု ပြောကြားခဲ့သည်။

“ဒါနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတာက ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန် ထိပ်တိုက် တွေ့လာခဲ့ မယ်ဆိုရင် ဖိလစ်ပိုင်ဟာလည်း ဝင်မပါဘဲ နေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအရေးကိစ္စဟာ ကျနော် တို့ရဲ့ ပထဝီဝင် တည်နေရာကြောင့် ဖြစ်ပါတယ်” ဟု မားကို့စ်က ပြောကြားခဲ့သည်။

 First post သတင်းဌာနနဲ့ ဖိလစ်ပိုင်သမ္မတ အင်တာဗျူးလုပ်နေစဉ်

မားကို့စ်၏ မှတ်ချက် စကားများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့ရာတွင် ထိုကဲ့သို့ လေလုံးထွား ပြောဆိုမှုများသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် ပြည်သူများ၏ အခြေခံ အကျိုးစီးပွားများကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးသည် တရုတ်၏ ပြည်တွင်းရေးသားဖြစ်ပြီး ပြည်ပ၏ ကြားဝင်စွက်ဖက်မှုကို လက်သင့်ခံမည် မဟုတ် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း တောင်တရုတ်ပင်လယ်၏ နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေပြင်များတွင် တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများကြား ထိပ်တိုက်တွေ့ခဲ့ပြီး တင်းမာမှုများ မြင့်တက်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး၍ ပြည်မ ကြီးနှင့် ပေါင်းစည်းရေးကို လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နှင့် အမေရိကန် အပါအဝင် နိုင်ငံအများစုသည် ထိုင်ဝမ်ကို တရားဝင် အသိအမှတ်ပြုမထားပေ။

သို့သော် အမေရိကန်သည် ရှိရင်းစွဲ အခြေအနေကို ပြောင်းလဲမည့် မည်သည့် လုပ်ဆောင်ချက်ကိုမဆို ဆန့်ကျင် ကြောင်း ကြေညာထားပြီး ထိုင်ဝမ်ကို လက်နက်များ ထောက်ပံ့ပေးလျက်ရှိသည်။

Source: South China Morning Post